မြန်မာနိုင်ငံက စစ်ဒဏ်သင့်ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ ကုလတိုက်တွန်း

ခင်ခင်အိ
2020-01-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ဝါးတောင်စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်များ။
ရခိုင်ပြည်နယ် ဝါးတောင်စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်များ။
Photo: Min Thein Aung/ RFA

မြန်မာနိုင်ငံတွင်းက ကလေးသူငယ်တွေ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်၊ ရှမ်း နဲ့ ကချင်ပြည်နယ်တွင်းက ကလေးသူငယ်တွေဟာ စစ်ရဲ့ဒဏ်ကို ကြီးမားစွာခံစားနေရတာကြောင့် ကလေးသူငယ်တွေအပေါ်ကျရောက်နေတဲ့ အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ရေး တပ်မတော်နဲ့ တခြားအစိုးရလုံခြုံရေးတပ်ဖွဲ့တွေအပါအဝင် ပဋိပက္ခတွေမှာ ပါဝင်သူတွေအားလုံး ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Virginia Gamba က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ငါးရက်ကြာသွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ကလေးသူငယ်များ နဲ့ လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီးမှာ မနေ့က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဒီလိုတိုက်တွန်းတာနဲ့ပတ်သက်ပြီး  ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက .....

“ စစ်ပွဲတွေကြားမှာ ကလေးတွေသေဆုံးနေရတာကို ကျမတို့တွေ့နေကြရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်။  ပြည်ထောင်စုလွှတ်တော်မှာ ကျမတို့ ဒီစစ်ပွဲကြားက ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ တကယ့် ကလေးသူငယ်အခွင့်အရေးအပြည့်အဝရဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အကောင်အထည်ဖော်တဲ့နေရာမှာ စစ်မက်ဖြစ်ပွားတဲ့နေရာတွေက ကလေးတွေကို အကာအကွယ်ပေးဖို့နေရာမှာ အစိုးရက အားနည်းချက်တွေအများကြီးရှိပါတယ်။ ကျမတို့ ရခိုင်မှာဆိုရင် တပတ်တယောက် ဆယ်ရက်တယောက်နှုန်း ကလေးတွေသေကြေပျက်စီးရတာ နေ့စဉ်လိုလိုကြားနေရတယ်”
လို့ ပြောပါတယ်။

စစ်ဘေးသင့် ကလေးငယ်တွေအရေး ပူးပေါင်းဆောင်ရွက်ဖို့ ကုလအထူးကိုယ်စားလှယ်ရဲ့ပြောကြားချက်အပေါ် ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကလည်း...

“ ကချင်ပြည်နယ်က ကလေးတွေ စစ်ဘေးရှောင်စခန်းကိုရောက်နေတာ စစ်ဘေးရှောင်လူဦးရေ ရဲ့ ၆ဝ ရာခိုင်နှုန်းရှိတယ်။ ဒီကလေးတွေဟာ ၂၀၁၁ ထဲက ကလေးဘဝထဲကရောက်နေတာ ခုချိန်ထိ ပြင်ပကျေးရွာမှာ နေတယ်ဆိုတဲ့ အရသာတောင် မသိသေးဘူးဖြစ်နေတယ်။ ခုထိ ဘယ်အချိန်ပြေးလွှားရှောင်တိမ်းရဦးမလဲဆိုတဲ့ စိတ်ကလဲ  ခုချိန်ထိပေါ်နေတုန်းဘဲရှိတယ်။ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့က လက်နက်ကိုင်အားလုံး သနားညှာတာမှပဲ လွတ်ငြိမ်းချမ်းသာရမယ့် သဘောရှိပါတယ်။ စာသင်ကျောင်းထဲ ကျည်ဆံဝင်တယ်။ ခရီးသွားတဲ့အချိန် ကလေးတွေထိမှန်တယ်။ လမ်းမှာထိတယ်။ ရွာမှာထိမှန်တယ်ဆိုတော့ ... ကျမတို့လူကြီးတွေက အားလုံးထိန်းသိမ်းပြီးတော့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ လုပ်ဆောင်ဖို့လိုအပ်တယ်။ မပစ်ရတဲ့ အရပ်သားမှန်သမျှ ကလေးအပါအဝင် ... အားလုံးကို မထိခိုက်အောင်ရှောင်ရမှာဖြစ်သလို လူနေတဲ့ မြို့ ရွာ ကျေးလက်တွေကိုလဲ ရှောင်ရှားဖို့ လိုအပ်တယ်ပေါ့”
လို့ ပြောပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပေါ် ကြီးမားတဲ့အခွင့်အရေးချိုးဖောက်မှုတွေ မကျူးလွန်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ပြီး ဒီကျူးလွန်မှုတွေကို စောင့်ကြည့်အစီရင်ခံတာတွေလည်း ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ထားတာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့