လူငယ်ကျောင်းသားတွေ တရားစွဲထောင်ချခံရတဲ့အပေါ် ဥပဒေပြုမဏ္ဍိုင်ဘက်က အမြင်တချို့

2019-09-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကိုဇင်မင်းဖြိုးနဲ့ ကိုမင်းဟန်ထက် တို့ကို ၂၀၁၉ သြဂုတ် ၂၀ ရက်နေ့က လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
ကိုဇင်မင်းဖြိုးနဲ့ ကိုမင်းဟန်ထက် တို့ကို ၂၀၁၉ သြဂုတ် ၂၀ ရက်နေ့က လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံမှာ ကျောင်းသားတွေ၊ လူငယ်တွေ မတရားဖမ်းဆီးခံရ၊ အကျဉ်းချခံရ တရားစွဲခံရမှုတွေ အခုတလော အတော်လေးတွေ့လာရပါတယ်။

ပြီးခဲ့တဲ့ရက်တွေကဆိုရင် ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်နေ့ အထိမ်းအမှတ်အဖြစ်  စစ်ရှောင်တွေရဲ့ဘဝ၊ ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တဲ့ ကချင် လူငယ် ၂ ဦး ငြိမ်းစုစီဥပဒေနဲ့ ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်ခံခဲ့ရသလို၊ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ်ဝင်းထဲ လမ်းလျှောက်ချီတက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ၂ ဦး သြဂုတ်လ ၂၀ ရက်နေ့က ထောင်ဒဏ် ၇ ရက်စီ အပြစ်ပေးခံခဲ့ရပါတယ်။ အဲဒီ တကသ ကျောင်းသားတွေနည်းတူ 7 July အခမ်းအနားတွေ ကျင်းပခဲ့တဲ့ ဗကသ ကျောင်းသား ၆ ဦးလည်း ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံထားရတာလည်း ရှိနေပါသေးတယ်။

ဒီ သြဂုတ် လကုန်ပိုင်းမှာပဲ ကယားပြည်နယ်အစိုးရကို ဝေဖန်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးလည်း  နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ နဲ့ အရေးယူခံရတာလည်း ရှိခဲ့ပါတယ်။ အခုလို လူငယ်တွေ ကျောင်းသားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်မှုတွေကို တရားစွဲဆိုမှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

ကျောင်းသားတွေ၊ လူငယ်တွေဟာ တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်တွေပါ၊ များသောအားဖြင့် အသက်လည်းငယ်ကြပါတယ်၊ တက်ကြွတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်။ စနစ်တစ်ခုပြုပြင်ပြောင်းလဲရေးမှာ လိုအပ်ချက်တွေ များစွာရှိနေရင် ပြုပြင်ဖို့တွေများနေရင် လူငယ်တွေက ဒါကိုပြောမှာပဲ၊ အမှန်တရား ဖော်ထုတ်ကြမှာပဲ။ ဒီအပေါ်မှာ လူကြီးတွေအနေနဲ့ သည်းခံဖို့ဆိုတာထက် ဘယ်ပုဒ်မနဲ့စွဲရင် ဘယ်လိုဖြစ်တယ် ဒီလိုအသုံးပြုတယ်။ လွတ်လပ်စွာပြောဆိုနိုင်မှ ဒီမိုကရေစီစနစ်လို့ ပြောလို့ရမယ်။ ဒီလိုပြောလို့မရသေးရင် သေချာတာက မြန်မာနိုင်ငံ ဒီမိုကရေစီစစ်စစ်နိုင်ငံ မဟုတ်သေးဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ကို ရှိတဲ့ပုဒ်မတွေတပ်ပြီး တရားစွဲဆိုမှုတွေဟာ နိုင်ငံအတွက်လည်း မကောင်းပါဘူး

လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် တရားလွှတ်တော် ရှေ့နေတဦးလည်းဖြစ်တဲ့ ဦးအောင်သိန်းကလည်း ဒါဟာနိုင်ငံရေးအရ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဥပဒေနဲ့ ဖြေရှင်းတာ မဖြစ်သင့်ကြောင်း ဒီလိုဖြေရှင်းမှုတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးနိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

ဒါဟာနိုင်ငံရေးအရ ပေါ်ပေါက်လာတဲ့ ပြဿနာလို့မြင်တယ်၊ နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းစေချင်တယ်။ ခုဟာက ဖြစ်လိုက်ရင် ဥပဒေနဲ့ရှင်းမယ်ချည်းပဲ၊ 7 July လိုမျိုး Campus မှာလုပ်တယ် သူ့ သက်ဆိုင်ရာနေရာမှာ လုပ်တယ် ခွင့်ပြုချက်မယူပဲလုပ်လို့ တရားစွဲတာမျိုး- ကျောင်းသားကို အရေးတယူလုပ်ပြီး ပါမောက္ခတို့ အစိုးရအဖွဲ့တို့က လက်ခံဆွေးနွေးရင် ဒီလောက်ထိ အကြီးအကျယ် ဖြစ်လာစရာမရှိဘူး။ တရားရုံးတွေကို ကြည့်မယ်ဆိုရင်လည်း တရားသူကြီးကို ဖိနပ်နဲ့ပေါက်တာတို့၊ မကြာခင်က ကချင်ပြည်နယ်မှာ တရားသူကြီးကို ချိန်ခွင်ကြိုးပြတ်နဲ့ တင်ပြတာတွေရှိတယ်၊ ပြန်စွဲတယ်- ဒါတွေက သဘောထားကြီးရင့်မှုကို မပြနိုင်တဲ့သဘောမျိုး ဖြစ်နေတယ်၊ ဥပဒေဘောင်ထဲအကျုံးဝင်ရင် ချမှာပဲဆိုတဲ့ သေနတ်ကိုင်ထားတဲ့အဖွဲ့အစည်းက မုဆိုးအတွေး အခေါ်နဲ့ ဆောင်ရွက်ရင်တော့ ဒီမိုကရေစီစနစ် ဖြောင့်ဖြူးဖို့မလွယ်ဘူး

လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသားလူငယ်တွေကို ငြိမ်းစုစီဥပဒေတွေနဲ့ ဒီလို တရားစွဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ အမြင်ကတော့

သူတို့ကျူးလွန်လိုက်တဲ့အမှုတွေက ဘာဖြစ်တာလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တချို့နေရာမှာ ဆန္ဒပြ တာတွေက ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ ဖြစ်တဲ့အမှုအပေါ် မူတည်တယ်လို့ ကျမထင်တယ်။ သွားရောက်လို့ ညှိနှိုင်းလို့ရတဲ့အခါမျိုးတွေလည်းရှိတယ်၊ သွားရောက်ပြီး ညှိနှိုင်းလို့မရလို့ ဆန္ဒပြတယ်ဆိုရင်လည်း ပြလို့ရပါတယ်၊ ဒါပေမဲ့ သွားရောက်ပြီး မညှိနှိုင်းဘဲနဲ့ ဆန္ဒပြတာတွေကြတော့လည်း နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာ တာပေါ့နော်

ဒါတွေကတော့ လွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေ၊ လူငယ်တွေကို မတရားဖမ်းဆီး တရားစွဲဆို မှုတွေနဲ့ပတ်သက်ပြီး ဥပဒေပြုသူတွေရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို ကြားခဲ့ရတာပါ။

(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့