နာဂပွဲတော်ဟာ အာဏာပိုင်တွေရဲ့ဖျော်ဖြေပွဲလို့ နာဂတွေဝေဖန်

နေမျိုးထွန်း
2019-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၀၈ ခုနှစ် နှစ်သစ်ကူးပွဲတော်ကျင်းပနေတဲ့ နာဂလူမျိုးတွေကို တွေ့ရစဉ်
၂၀၀၈ ခုနှစ် နှစ်သစ်ကူးပွဲတော်ကျင်းပနေတဲ့ နာဂလူမျိုးတွေကို တွေ့ရစဉ်
Photo: KHIN MAUNG WIN / AFP

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ဟာ နာဂတွေရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ကိုင်ရတဲ့ပွဲမဟုတ်တော့ဘဲ၊ အာဏာပိုင်တွေရဲ့ ဖျော်ဖြေရေး၊ ခရီးသွားပွဲတော်တစ်ခုအဖြစ်သာ မြင်နေရတယ်လို့ နာဂအသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။

နာဂလူမျိုးတွေရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပလေ့ရှိပြီးတော့ အခုလာမယ့် ၂၀၂၀ နာဂနှစ်သစ်ကူးပွဲတော်အတွက်လည်း ခရီးသွား စာမျက်နှာတွေမှာ ခရီးစဉ်တွေကို ကြော်ငြာနေကြတာ စမြင်နေရပါပြီ။

ဒါပေမဲ့ ပွဲတော်တွေက နာဂနည်း နာဂဟန်တွေ နာဂရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ကျင်းပခွင့်မရတဲ့အပေါ် နာဂအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုလာကြပါတယ်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂတွေရဲ့ နာဂတွေရဲ့ ရိုးရာ၊ ဓလေ့ ထုံးတမ်းတွေနဲ့အညီ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကျင်းပခွင့်မရတော့ဘဲ၊ နိုင်ငံတော်အဆင့် ကျင်းပနေတာကြောင့် ဌာနေတိုင်းရင်းသားအခွင့်ရေး ဆုံးရှုံးနေတာ တစ်နေ့တခြား ပေါ်လွင်လာတယ်လို့ ပထမဆုံး နာဂ-မြန်မာ- အင်္ဂလိပ် အဘိဓာန် တီထွင်သူ အထောင်းမကူရီ က ပြောပါတယ်။

ခရီးသွားပွဲတော်တစ်ခုလို ကျော်ဇော်လာတာကြောင့် နာဂဒေသခရီးသွားလုပ်ငန်းမှာ စည်ကားလာသလိုထင်ရပေမယ့် မူလပိုင်ရှင်တွေဖြစ်တဲ့ နာဂတွေကတော့ အဲဒီလုပ်ငန်းတွေရဲ့ အကျိုးကျေးဇူးကို မရရှိဘဲ၊ အမှောင်ထဲမှာ သနားစရာ နာဂတွေ အဖြစ်သာ ကျန်ရှိနေပြီးတော့၊ ကျွန် မခြားနားဘဝကနေ ဘယ်တော့လွတ်မြောက်နိုင်မှာလဲလို့လည်း အထောင်းမကူရီ က သူ့ရဲ့ Facebook မှာရေးသားထားပါတယ်။

"ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ ကိုယ်ပိုင်တဲ့ အမွေအနှစ်တစ်ခု ကိုယ့်ကိုကိုယ် စီမံပိုင်ခွင့်မရှိဘူး၊ ထိန်းသိမ်းနိုင်ခွင့်မရှိဘူး ဆိုတဲ့အခါကျတော့ စိတ်ထဲမှာ နာဂတွေအပေါ်မှာ စော်ကားသလိုလည်း ခံစားရတယ်၊ ရင်ဝကို ဆောင့်ကန်ခံနေရသလို အပြင်လူတွေအနေနဲ့ ကြည့်မယ်ဆိုရင် နာဂတွေ အတော်သနားစရာကောင်းပါလားဆိုတဲ့ ပုံစံမျိုးလည်းပေါက်တယ်၊ ကိုယ့်ကိုကိုယ်လည်း ကျွန်တော်က အဲဒီလို ခံစားရတယ်"

ဒါ့အပြင် ရိုးရာပွဲဖြစ်တဲ့အတွက် အရင်က နှစ်သစ်ကူးပွဲတော်တွေကို နာဂတွေ စီမံခန့်ခွဲကျင်းပခဲ့တဲ့အတိုင်း စီမံကျင်းပလိုကြောင်းနဲ့ အစိုးရက ပါဝင်တာမျိုး ဖြစ်သင့်တယ်လို့ အထောင်းမကူရီက ပြောပါတယ်။

နာဂရိုးရာနဲ့ စာပေယဉ်ကျေးမှု(ဗဟို)ရဲ့ ဥက္ကဋ္ဌ ဦးအောင်ထွဋ်ကလည်း အစိုးရ နှစ်ဆက်လုံး နာဂတွေအရေးကို လျစ်လျူရှုသလို ခံစားရတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့ ၂၀၁၅ မှာတုန်းက ပြည်ခိုင်ဖြိုးအစိုးရ အချိန်မှာလည်း တစ်ခါကြုံခဲ့ရတယ်၊ အခု NLD အစိုးရမှာလည်း ကျွန်တော်တို့ တစ်ခါ ကြုံခဲ့ရတယ်။ နောက်ဆုံး ဘာတစ်ခုကို သုံးသပ်လို့ရလဲဆိုတော့ တိုင်းရင်းသားတွေအပေါ်မှာ အလေးအနက်မရှိဘူးဗျာ၊ သိပ်ဦးစားမပေးဘူးဆိုတဲ့ဟာ အဲဒါကိုတော့ သုံးသပ်ချင်တယ်"

နာဂလူမျိုးတွေဟာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရဲ့ နှစ်ဘက်စလုံးမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုဖြစ်ပြီး လူဦးရေ ငါးသောင်းနီးပါးလောက်သာ ရှိတော့တာပါ။ နာဂတောင်တန်းတွေပေါ်မှာ လူမျိုးစု ၁၂ စုလောက် နေထိုင်ကြသလို သူ့တို့ကိုယ်ပိုင် ဘာသာစကားတွေရှိကြပါတယ်။

နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကူညီပံ့ပိုးပေးတာတွေ ရှိပေမယ့် နိုင်ငံတော်အဆင့်အနေနဲ့ သီးသန့်ပံ့ပိုးတာ မရှိဘူးလို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးတွေ တက်ရောက်လာတာကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူးတွေရှိတယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောပါတယ်။

"တိုင်းကနေတော့ ကျွန်တော်တို့ကို ပံ့ပိုးပေးပါတယ်။ ပွဲတော်ဖြစ်မြောက်ရေမှာ လိုအပ်တဲ့ဟာ ဝိုင်းဝန်းပြီးတော့ လုပ်ပေးပါတယ်။ နိုင်ငံတော်အဆင့်ကျတော့ ဒီမှာ ပွဲလာကြည့်ရင်းနဲ့ပေါ့ ဆုချီးမြှင့်သွားတာတွေတော့ ရှိပါတယ်။ သီးသန့် ပံ့ပိုးတာတော့ မရှိပါဘူး။ ဖွံ့ဖြိုးရေးက သီးသန့်တော့ သီးသန့်လိုင်းပေါ့လေ.. ဒါပေမဲ့ ကျွန်တော်တို့ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးက ဝန်ကြီးတွေရော လာကြတယ်လေ၊ အဲဒီအခါကျတော့ လက်တွေ့မြင်သွားတဲ့အခါကြတော့ ပံ့ပိုးတဲ့အပိုင်းမှာ ပိုလာတွေလည်း ရှိတာပေါ့။ အဲဒီတော့ အကျိုးကျေးဇူးရှိပါတယ်"

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ၂၀၁၆ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်၊ ၂၀၁၇ ခုနှစ်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ၂၀၁၈ ခုနှစ်မှာ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ စတဲ့ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတကာခရီးသွား ဧည့်သည်တွေ၊ ပြည်တွင်းခရီးသွားတွေက စိတ်ဝင်စားမှုရှိပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေး၊ တည်းခိုနေထိုင်ဖို့ အခက်အခဲတွေရှိတာကြောင့် အကန့်အသတ်နဲ့သာ သွားရောက်နိုင်သေးတာပါ။ ပွဲတော်ကျင်းပရာဒေသတွေဖြစ်တဲ့ နန်းယွန်း၊ လေရှီးနဲ့ လဟယ်မြို့တွေကို ရန်ကုန်မြို့ကနေ သွားမယ်ဆိုရင် နှစ်ရက်ကနေ သုံးရက်လောက်အထိ သွားရမှာ ဖြစ်ပြီး ပွင့်လင်းရာသီမှသာ အဆင်ပြေပြေသွားရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

နာဂဒေသကို ခရီးသွားဝင်ရောက်မှု အရေအတွက်ဟာ ရာဂဏန်းဝန်းကျင်လောက်သာ ရှိတယ်လို့သိရပြီး  ၂၀၁၉ ခုနှစ် ပွဲတော်မှာ အများဆုံးဝင်ရောက်လာတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီလို အစိုးရအဖွဲ့တွေ ပါဝင်ပတ်သက်မှုတွေအတူ ခရီးသွားလုပ်ငန်းကိစ္စတွေပါ ပါဝင်လာတာက နာဂလူမျိုးတွေကို အကြောင်းပြ ခုတုံးလုပ်ပြီး အခွင့်အရေးတောင်းသလို ဖြစ်နေတယ်လို့ ဦးအထောင်းမကူရီက ပြောပါတယ်။

"ကျွန်တော်တို့ အခြားဘက်မှာ ဘာလဲဆိုတော့ ဒီဟာတွေနဲ့အတူ Tourism တွေ ပါလာတာတွေ့ရတယ်။ နောက်ကျတော့ ဘာဖြစ်သွားလဲဆိုတော့ ရိုင်းရိုင်းပြောရရင် နာဂတွေက မြောက်ပြဆန်တောင်းတဲ့ ပုံစံတွေလို့ ပေါက်သွားတယ်။ ဘာလို့လဲဆိုတော့ ရိုးရာယဉ်ကျေးမှုဆိုတာ လူမှုအသိုက်အဝန်းတစ်ခုရဲ့ အသည်းနှလုံးပဲလေ။ လူမျိုးတစ်ခုရဲ့ ရိုးရာယဉ်ကျေးမှုကဏ္ဍတွေမှာ ကျွန်တော်တို့က စီမံပိုင်ခွင့်မရှိဘူးဆိုရင် ကျွန်တော်တို့ပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အပိုင်းကဏ္ဍတွေအထိ အများကြီးထိခိုက်စေတဲ့ အရာတစ်ခုလို့ ကျွန်တော်မြင်တယ်"

၁၉၉၃ ခုနှစ်က စတင်ပြီး ရိုးရာနှစ်သစ်ကူးပွဲတော်ကို အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျင်းပခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ နိုင်ငံတော်အဆင့်အဖြစ် လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့တွေမှာ အလှည့်ကျ ကျင်းပခဲ့တာ ၁၉ ကြိမ်ရှိနေပြီဖြစ်ပါတယ်။

ဒီနှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ခရီးသွားဧည့်သည်တွေကို ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ် ချုပ်ကိုင်လုပ်ဆောင်တာတွေ မရှိဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးအောင်သူဦးက ပြောပါတယ်။

"Tour ကုမ္ပဏီ တစ်ခုတည်းကနေ ဒီပွဲကြီးကို ချုပ်ကိုင်တာတို့ ဘာတို့ မလုပ်ဘူး၊ နိုင်ငံခြားသားတွေကို ခေါ်ဖို့ လွတ်လွတ်လပ်လပ်ပဲ။ Tour ကုမ္ပဏီတွေက နာဂပွဲနဲ့ ပတ်သက်လို့ သိချင်တယ်ဆိုရင် ကျွန်တော်တို့ ဟိုတယ်နဲ့ ခရီးသွားလာရေးကို စုံးစမ်းရမယ်၊ ကျွန်တော်တို့ ရက်တွေပြောမယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ ကျွန်တော်တို့က ပြောပြမယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ Tour ကုမ္ပဏီတွေက လွတ်လွတ်လပ်လပ်ပဲ ကိုယ့်ရဲ့ဧည့်သည် ကိုယ်ရှာ၊ ကိုယ့်ဟာကိုယ် ပို့ပေး ဒီလိုသဘောမျိုးသွားတာ"

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းကတော့ ဒီအပေါ်မှာ အကောင်းအဆိုးဆိုတာ တွဲနေမှာဖြစ်ပေမယ့် ကောင်းတဲ့ဘက်က ရာခိုင်နှုန်းများတယ်ရင် လက်ခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ပြည်ထောင်စုဘက်ကနေ ကူညီလုပ်ကိုင်ပေးရတာတွေ ရှိနေမယ်ပေါ့၊ အကြောင်းကြောင်းကြောင့် Network တွေလိုတာကြောင့်၊ Communication တွေ လိုတာကြောင့်၊ နောက်တော့ ဝန်ကြီးဌာနရဲ့ ဖိတ်ကြားမှုတွေ လိုတာကြောင့် ဒါတွေက ရှိနေမယ့်အခါကျတော့ ကောင်းတာဆိုးတာကတော့ တွဲနေမှာပေါ့၊ ကောင်းတဲ့ဘက်ကို ဦးတည်တယ်၊ ကောင်းတဲ့ ရာခိုင်နှုန်း များတယ်ဆိုရင် လက်ခံရမှာပေါ့၊ ဆိုးတဲ့ ရာခိုင်နှုန်းကတော့ဗျာ ရာနှုန်းပြည့် မဖြစ်နိုင်ပါဘူး။ ဆိုးတာ၊ မကြိုက်တာ၊ ဝေဖန်တာ အနည်းနဲ့အများဆိုတာ လုပ်ငန်းတိုင်းမှာ ရှိနေမှာပေါ့နော်"

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို အရင်က နှစ်စဉ်ကျေးရွာအလိုက် ကျင်းပခဲ့ကြပြီး ၁၉၅၇ ခုနှစ်မှာ မြို့နယ်အဆင့် ကျင်းပခဲ့တာပါ။ အဲဒီနောက် ၁၉၉၀ ပြည့်နှစ်မှာ နာဂမျိုးနွယ်စုအကြီးအကဲတွေ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကို နှစ်သစ်ကူးပွဲတော်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

နာဂလူမျိုးတွေဟာ တောင်ယာလုပ်ငန်းခွင်နဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီးတဲ့နောက် နှစ်သစ် တောင်ယာ၊ လယ်ယာ မဝင်ခင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ကျင်းပကြတာပါ။

လာမယ့် ၂၀၂၀ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဦးဆောင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဖြည့်စွက်ချက်။          ။နာဂလူမျိုးတွေဟာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရဲ့ နှစ်ဘက်စလုံးမှာ နေထိုင်ကြ သူတွေဖြစ်ပြီး စုစုပေါင်း လူဦးရေ ၄ သန်းကျော်ရှိပေမယ့် မြန်မာနိုင်ငံဘက်မှာ နေထိုင်တဲ့ လူဦးရေဟာ ငါးသောင်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့