မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတာ ရှစ်နှစ်ပြည့်ပြီ၊ ပြန်စမှာကို စိုးရိမ်နေ

2019-10-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံနေရာကို တွေ့ရစဉ်
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံနေရာကို တွေ့ရစဉ်
ဓါတ်ပုံ - ဇာဏီထွဏ်း

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြတဲ့အတွက် ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီနေ့ဆိုရင် စီမံကိန်းရပ်ဆိုင်းထားတာ ရှစ်နှစ်ရှိပြီဖြစ်ပေမယ့် ဒေသခံတွေကြားမှာ စီမံကိန်း ပြန်လည်စတင်မှာကို စိုးရိမ်မှုတွေ ရှိနေဆဲပါ။

စီမံကိန်းကိုရပ်ဆိုင်းထားပေမဲ့ စီမံကိန်းအတွင်းက ဒေသခံပြည်သူတွေကတော့ သူတို့ရဲ့ မူလ၊ အိမ်ခြံမြေ ဆုံးရူံးမှုတွေနဲ့ စားဝတ်နေရေး ရှာဖွေဖို့အတွက် အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက မေခမြစ်နဲ့ မလိခမြစ်နှစ်ခုဆုံရာနေရာမှာ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာအပြင် မေခမြစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ဆည်ကြီး ငါးခု၊ မလိခမြစ်မှာ တစ်ခုနဲ့ မလိခ-မေခ မြစ်နှစ်ခုဆုံရာ ဧရာဝတီမြစ်အစနဲ့ လေးမိုင်ကွာတဲ့ နေရာမှာ တစ်ခု စုစုပေါင်းဆည် ခုနှစ်ခု တည်ဆောက်ဖို့ ဆောင်ရွက်ထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

NLD အစိုးရမတက်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်းတွေကို ပွင့်ပွင့်လင်းလင်း ပြည်သူလူထုကို ချပြသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရက ပြည်သူလူထုကို ပြောဆိုခဲ့တဲ့ ကတိကဝတ်တွေအတိုင်း တစ်နှစ်ကျော်အတွင်းသာ ကျန်တော့တဲ့ အစိုးရသက်တမ်းအတွင်း ထာဝရရပ်ဆိုင်းလိုက်ဖို့သင့်ပြီလို့ မြစ်ဆုံဒေသခံဒေါ်လုရာက ပြောပါတယ်။

ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းအပါအဝင်၊ မြစ်ညှာ၊ မြစ်ဝှမ်းမှာ တည်ဆောက်မယ့် ဆည်တွေကို ထာဝရရပ်တန့်ရေးအတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုက အစိုးရနဲ့ တရုတ်အစိုးရကို  တောင်းဆိုခဲ့ကြပေမဲ့ ဒီနေ့ချိန်ထိတော့ တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းတဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို အရင်နှစ်တွေက မြစ်ဆုံဒေသမှာ နှစ်စဉ်ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ကျင်းပခဲ့တာမရှိပါဘူး။

ဒါပေမဲ့ မြစ်ဆုံစီမံကိန်း ထာဝရ ရပ်ဆိုင်းရေး ဆက်လက်တောင်းဆိုသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းအပါအဝင် ကြီးမားတဲ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကျယ်နဲ့ စဉ်းစားစေချင်တယ်လို့ ပဲခူးတိုင်း ပြည်မြို့မှာ မတ်လ ၁၅ ရက်နေ့က ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်ရှင်။

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ တင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့