ဒုက္ခသည်တွေကို နေရပ်မပြန်စေချင်သူများ

2019-09-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဟိန္ဒူဒုက္ခသည်များ။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဟိန္ဒူဒုက္ခသည်များ။
Photo: AFP

မြန်မာအစိုးရဘက်က ဒုက္ခသည်တွေ ပြန်လက်ခံဖို့ အသင့်ဖြစ်နေပြီဆိုပေမယ့် အခုအချိန်ထိတော့ တစ်ယောက်မှ ပြန်လာတာမရှိသေးပါဘူး။ ဒုက္ခသည်တွေ နေရပ်မပြန်ဖို့ အာဆာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်နေ တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးက ပြန်ကြားရေးအရာရှိ Shamim Ahmed ကတော့ ဒုက္ခသည်တွေကို ဗန်းပြပြီး လုပ်စားနေတဲ့အဖွဲ့တွေ ရှိနေတယ်လို့ RFA ကိုရှင်းပြပါတယ်။

“ဒုက္ခသည်စခန်း အတွင်းနဲ့အပြင်မှာ လုပ်ကိုင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရှိပါတယ်။ တချို့အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ ဒုက္ခသည်တွေကို နေရပ်မပြန်စေချင်ကြပါဘူး။သူတို့ အကျိုးအမြတ်အတွက်ကိုပဲ ကြည့်ပြီး လုပ်နေတဲ့အဖွဲ့တွေ တော်တော်များများရှိနေတာကတော့ တော်တော် စိတ်မကောင်းစရာပါပဲ။ ရိုဟင်ဂျာတွေ နေရပ်ပြန်သွားရင် သူတို့ရဲ့စီမံကိန်းတွေ ရပ်သွားမှာကို စိုးရိမ်နေကြတာပါ”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းကလည်း မြန်မာနိုင်ငံမပြန်ရေး ခြိမ်းခြောက်မှုတွေ ရှိနေနိုင်တဲ့အကြောင်းကို ထောက်ပြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း (UN Photo)

“အာဆာတို့ ဘာတို့ အကြမ်းဖက်တဲ့အဖွဲ့အစည်းတွေက ခြိမ်းခြောက် တယ်ဆိုတဲ့ အသံတွေလည်း ကြားနေရတယ်လေ။ အကြမ်းဖက် သမားတွေရဲ့ ခြိမ်းခြောက်မှုတွေ တချို့အဖွဲ့အစည်းတွေက မပြန် ချင်အောင် တွန်းအားပေးတာတွေလည်း ရှိမှာပဲ”

ဟိန္ဒူတွေရဲ့ ရင်ဖွင့်သံ

ပြီးခဲ့တဲ့ရက်ပိုင်းက RFA ကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲက တယ်လီဖုန်းနဲ့ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ရောက်လာပါတယ်။ ၂ဝ၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဟိန္ဒူဘာသာ ဝင်တွေ ပေးပို့လိုက်တဲ့ ဗီဒီယိုပါ။

အဲ့ဒီဗီဒီယိုထဲမှာ ဟိန္ဒူဘာသာဝင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်လာချင်နေတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုထားတာပါ။

အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ Shishu Shil က ဟိန္ဒူဘာသာဝင်တွေရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားဒေသက ကုတုပါလောင် ဒုက္ခသည်စခန်းကပါ။ မြန်မာအစိုးရကသာ ပြန်ခေါ်မယ်ဆိုရင် သူတို့က ပြန်ဖို့အသင့်ရှိနေတယ်လို့ RFA ကို ရင်ဖွင့်လာပါတယ်။

“နိုင်ငံခြားတိုင်းပြည်ပေါ်မှာ ကျနော်တို့ မနေချင်ပါဘူး။ ပြန်ဖို့ကိစ္စကို မြန်မာဘက်ကိုရော ဒီဘင်္ဂလားဒေ့ရှ် ဘက်ကိုရော ကျနော်တို့ ဘာမှမတောင်းဆိုချင်ပါဘူး။ဒါပေမယ့် ကျနော်တို့ပြန်တဲ့အခါ၊ ဒါမှမဟုတ် မြန်မာပြည် ဘက်ပြန်ရောက်ရင် အာမခံချက်တစ်ခု တောင်းဆိုချင်တာက အာဆာရန်ကနေ ကာကွယ်ပေးဖို့ပါပဲ။ အာဆာ ရန်ကနေ ကျနော်တို့ကို အကာအကွယ်ပေးဖို့၊ ဒီတစ်ခုပဲ ကျနော်တို့ တောင်းဆိုချင်ပါတယ်ဗျာ”

အသက် ၅၁ နှစ်အရွယ်  Minto Rudra က  ၂ဝ၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြားက နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြပါတယ်။

“အနက်ရောင်အဝတ်အစားနဲ့ မျက်နှာဖုံးစွပ်တွေက  ဟိန္ဒူတွေတော်တော်များများကို သတ်ခဲ့ပြီး ကျနော်တို့ကိုလည်း ခုနှစ်ရက်လောက် ချုပ်ထားတယ်။ စစ်ရဟတ်ယာဉ်တွေ မိုးပေါ်မှာပျံသန်းတဲ့ အရိပ်အယောင်တွေတွေ့မှပဲ သူတို့တွေ ပြန်ထွက်သွားကြတာ။ အဲ့ဒါပြီးတော့ ကျနော်တို့လည်း နယ်စပ်ကနေ ဒီဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းကို ကူးလာခဲ့တာ။ မြန်မာအစိုးရက ကျနော်တို့ကို မနှိပ်စက်ဘူး။ အနက်ရောင်အဝတ်အစားနဲ့ မျက်နှာဖုံးစွပ်ထားတဲ့သူတွေကပဲ ကျနော်တို့ကို နှိပ်စက်တာ။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ပြေးလာခဲ့တာ။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ကျနော်တို့ကို စားစရာပေးတယ်။ နေစရာပေးတယ်။ ကောင်းကောင်းမွန်မွန်လည်း ထားတယ်။ ဒါပေမယ့်လည်း မြန်မာပြည်ကို ပြန်ချင်တယ်ဗျာ။ ကျနော်တို့ ဘာမှမတောင်းဆိုပါဘူး။ မြန်မာအစိုးရ ထားတဲ့နေရာမှာ ကျနော်တို့နေမှာပါ”


သမီးဖြစ်သူနဲ့အတူ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အသက် ၅၇ နှစ်အရွယ် Sonabala က …

“ကျမဘဝမှာ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို နယ်စပ်ဖြတ်ပြီးရောက်လာတာ သုံးကြိမ် ရှိပါပြီ။ စစ်ပွဲတွေ၊ အကြမ်းဖက်လုပ်ရပ်၊ သတ်ဖြတ်မှုတွေကြား လူတွေသေကြကြေကြတာ ကျမကိုယ်တွေ့ပါပဲ။ ဘယ်နှစ်ကြိမ်လောက် သွားလိုက်ပြန်လိုက် လုပ်ရဦးမလဲ မသိပါဘူးရှင်။ ဒီဘက်မှာနေရတာကတော့ ပြဿနာတွေတော့ ရှိတာပေါ့။ သွေးလွန်တုပ်ကွေးတွေလည်း ဒီမှာ ဖြစ်လိုက်ကြတာ။ ခြင်ထောင်တွေလည်း မရှိဘူးလေ။ အိမ်ခေါင်မိုးတွေကလည်း ပေါက်ပြဲဆိုတော့၊ ကျမတို့မှာ မိုးများရွာရင် အိမ်ထဲမှာ မိုးရေတွေနဲ့နေရတာ။ အစားအသောက်ဆိုလည်း WFP က ထောက်ပံ့တယ်ဆိုပေမယ့် တစ်လမှတစ်ကြိမ်ပဲလေ။ ဘင်္ဂလားငွေနဲ့ဆို ၇၇ဝ တာကာ၊ ဒေါ်လာနဲ့ဆို ကိုးဒေါ်လာလောက်ပေါ့။ ဒီလောက်လေးနဲ့ ကျမတို့ ဘယ်လိုသုံးလို့လောက်မှာလဲရှင်” ... လို့ RFA ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် တွေ့ရသည့် ဟိန္ဒူဒုက္ခသည်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် တွေ့ရသည့် ဟိန္ဒူဒုက္ခသည်များ (Photo: AFP)

ဟိန္ဒူတွေ အိမ်ပြန်ရေး ကြိုးပမ်းမှု

၂ဝ၁၇ ခုနှစ် သြဂုတ်လတုန်းက ဟိန္ဒူအမျိုးသမီး အမျိုးသားနဲ့ ကလေးငယ်တွေအပါအဝင် ၉၉ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရမှုနဲ့  ဟိန္ဒူရွာသူရွာသားတွေ ဖမ်းဆီးခံခဲ့ရမှုဟာ အာဆာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့မှာ တာဝန်ရှိတယ်လို့ Amesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံရေးအစီအစဉ်တွေ ဆောင်ရွက်နေတဲ့အထဲမှာ ဟိန္ဒူဘာသာဝင်တွေ ပြန်လက်ခံရေးလည်း ပါဝင်ပါတယ်။ ဟိန္ဒူဘာသာဝင် ၄၄၄ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ခပ်မြန်မြန်ပြန်ပို့ပေးဖို့လည်း မြန်မာအစိုးရဘက်က ဘင်္ဂလားဒေ့ရှ်ကို စက်တင်ဘာလ ၅ ရက်နေ့က ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းသူက... ဟိန္ဒူဒုက္ခသည်တွေ နေရပ်ပြန်ရေး ကြိုးပမ်းနေတဲ့အကြောင်း ဇူလိုင်လ၂၈ ရက်နေ့က ကုတုပါလောင်ဒုက္ခသည်စခန်းမှာ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

“ကျနော်တို့က ဒုက္ခသည်တွေ ပြန်လက်ခံဖို့အသင့်ပါပဲ။ အထူးသဖြင့် ဒီမှာရှိတဲ့ ဟိန္ဒူဘာသာဝင် ၄၄၄ ယောက်ကို ပြန်ခေါ်မှာပါ။ ဒါကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနဲ့လည်း ဆက်ဆွေးနွေးသွားမှာပါ”

ပြန်လာချင်သူ တဦးမှ မရှိတာလား

တကယ်တော့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက မြန်မာပြည်ကိုပြန်လာချင်တယ်လို့ ဆိုကြပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဒီဒုက္ခသည်တွေကို မြန်မာပြည် ပြန်ပို့ချင်တယ်လို့ ဆိုနေပါတယ်။ မြန်မာအစိုးရကလည်း ဒုက္ခသည်တွေကို စိစစ်ပြီးလက်ခံမယ်လို့ ပြောဆိုနေတာပါ။ ဒုက္ခသည်တွေ ပြန်လက်ခံရေး နိုင်ငံတကာက ဖိအားတွေ တော်တော်ပေးနေသလို မြန်မာအစိုးရကလည်း လက်ခံဖို့စီစဉ်ခဲ့တာလည်း အကြိမ်ကြိမ်ရှိနေပါပြီ။ ဒါဆိုရင် ဘာကြောင့် ဒုက္ခသည်တွေ မြန်မာပြည်ကို တဦးမှ ပြန်မရောက်ပဲဖြစ်နေရတာပါလဲ။

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဒုက္ခသည်တွေဘက်က အိမ်ပြန်ချင်တယ်လို့ဆိုနေကြပေမယ့်လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ သူတို့ဆန္ဒအရ အိမ်ပြန်ချင်တဲ့ဒုက္ခသည်မရှိသေးဘူးလို့ ပြောနေတာပါ။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဘန်ကောက်ရုံးခွဲက ဆက်သွယ်ရေး အရာရှိ Caroline Gluck ကတော့ အခုချိန်ထိ နေရပ်ပြန်ချင်တယ်ဆိုပြီး လျှောက်ထားသူ တဦးမှမရှိဘူးလို့ ဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာရှိတဲ့ ဘယ်သူမဆို လူမျိုးမရွေး ဘာသာမရွေး ပြန်ခွင့်ရှိပါတယ်။ ကျမတို့ အမြဲဒီအတိုင်း ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ဒါပေမယ့် ကျမသိသလောက်တော့ အခုအချိန်ထိ ပြန်ချင်တယ်ဆိုပြီးပြောလာတဲ့သူ မွတ်စလင်ထဲကဖြစ်စေ ဟိန္ဒူထဲကဖြစ်စေ တစ်ယာက်မှမရှိပါဘူး”

အမေရိကန်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး  ပြန်ကြားရေးအရာရှိ Shamim Ahmed
အမေရိကန်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး ပြန်ကြားရေးအရာရှိ Shamim Ahmed (Embassy of Bangladesh-USA)
ဘင်္ဂလားဒေ့ရှ် သံတမန် Shamim Ahmed ကတော့ …

“တကယ်တော့ ဘယ်သူက ဟိန္ဒူ၊ ဘယ်သူက မွတ်စလင်၊ ဘယ်သူက ခရစ်ယာန်၊ ဘယ်သူကဗုဒ္ဓဘာသာဆိုပြီး ကျနော်တို့ဘက်က ခွဲခြားမနေပါဘူး။အားလုံးက ရိုဟင်ဂျာပါပဲ” လို့ ပြောပါတယ်။

အပြန်အလှန် အပြစ်တင်

၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ခုနှစ်သိန်းလောက်ရှိခဲ့တာပါ။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါ ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လာနိုင်မယ့် အခြေအနေတွေ မြန်မာဘက်က ဖန်တီးပေးထားရမယ်။ လုံခြုံစိတ်ချရတဲ့ အာမခံချက်မျိုးရှိရမယ်။ ဒီလိုအခြေအနေတွေမရှိပဲ ဒုက္ခသည်တွေ နေရပ်မပြန်သင့်ဘူးလို့ဆိုနေပါတယ်။

နေရပ်ပြန်လိုတဲ့ဒုက္ခသည်တွေကို မြန်မာအစိုးရက စိစစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကို အကြောင်းကြားထားပေမယ့် ပြန်ပို့ရေးအစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်းပါဝင်ဖို့ အားနည်းနေတာလို့ မြန်မာအစိုးရဘက်က ပြောနေပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်သာဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်တွေ အားလုံးကို နေရပ်ပြန်စေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်သံတမန် Shamim Ahmed ပြောပါတယ်။

တောင်းဆိုမှုမရှိတဲ့ ဟိန္ဒူများ

အခုပြန်လာချင်ကြတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ မြန်မာပြည်ဘက်ပြန်ရေးမှာ သီးခြားတောင်းဆိုမှုတွေ ဘာမှမရှိပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက…

“နိုင်ငံသားဖြစ်မှ၊ တိုင်းရင်းသားဖြစ်မှ၊ အဲ့ဒါမျိုးတွေတော့ လာမလုပ်နဲ့လေဗျာ။ တိုင်းရင်းသားဆိုတာကတော့ ကျနော်တို့ သတ်မှတ်ပြီးသားရှိတယ်။ အဲ့ဒါကြီးကတော့ မဖြစ်နိုင်တဲ့သူကတော့ လာပြီးပြောနေလို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ဟိန္ဒူဘာသာဝင်တွေက သူတို့က ဒီဟာအပေါ်မှာ ပြဿနာလုပ်နေတာ မဟုတ်ဘူး” လို့ ထောက်ပြပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကတော့... နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝရမှပြန်လာမယ်၊ တိုင်းရင်းသားဖြစ်ခွင့် ပေးရမယ်၊ လုံခြုံစိတ်ချဖို့ အာမခံချက်ရှိရမယ်၊ ဒီလိုအခြေအနေတွေ မရှိရင် မပြန်ဘူးလို့ ပြောနေတာပါ။

အလုပ်ဖြစ်နိုင်မယ့် တောင်းဆိုမှုလား

ayelwin-350.jpgဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဟာဂျီ ဦးအေးလွင်က…

“ဘာမှမစစ်ဆေးဘဲနဲ့ သူတို့ကို တိုင်းရင်းသား တန်းပေးဖို့ဆိုတာ၊ တိုင်းရင်းသားနဲ့ နိုင်ငံသားဆိုတာ အများကြီး ကွာတယ်နော်။ သူတို့လိုချင်တဲ့ နာမည်တစ်ခုကို မပေးရင်မလာဘူး... ကျနော်တို့ပြောတယ် လူအုပ်စုတစ်စု လူတစ်ယောက်ဟာ ကိုယ့်ဟာကိုယ် ဘာနာမည်ခေါ်ခေါ်၊ သိကြားပဲခေါ်ခေါ် နတ်ပဲခေါ်ခေါ် ခေါ်လို့ရတယ်။ ဒါကို ဘယ်သူမှအငြင်းမပွားဘူး။ သို့သော် ပြဿနာ ဖြေရှင်းတဲ့အခါမှာ နည်းနည်း အဟန့်အတားရှိလို့ နောက်မှပတ်သက်ပြီး ဆွေးနွေးကြပါလို့ ပြောထားခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဗြိတိန်အခြေစိုက် မြန်မာ - ရိုဟင်ဂျာများအသင်းက ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ ….

“ကျနော်တို့ တောင်းဆိုနေတာက ကျနော်တို့ဆီကနေ သိမ်းယူထားတဲ့ နိုင်ငံသားအခွင့်အရေးတွေကို ပြန်တောင်းဆိုတာပါ။ တိုင်းရင်းသားအခွင့်အရေး မပေးဘူးဆိုရင် နိုင်ငံသားအခွင့်အရေးလည်း မရနိုင်ဘူး။ အဲ့ဒါကိုကျနော်တို့ လိုချင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားမှာ တိုင်းရင်းသားဆိုတဲ့ လူမျိုးနာမည်က ရှိတယ်။ ဒါကြောင့် ကျနော်တို့လူမျိုးကို အသိအမှတ် ပြုပေးရပါလိမ့်မယ်။ အဲ့ဒါမှ ကျနော်တို့လက်ခံမှာဖြစ်တယ်”
လို့ ပြောပါတယ်။

ဒုက္ခသည်တွေနေရပ်ပြန်ရေး အဆင်မပြေဘဲ ဖြစ်နေရတဲ့ အဓိကအကြောင်းရင်းက ဘာလဲဆိုတာကို အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိ အခြေအနေမှာတော့ ကုလသမဂ္ဂကိုလည်း အားကိုးလို့မရ၊ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အားထုတ်မှုတွေကလည်း လက်တွေ့မှာ အားရစရာမရှိ ဖြစ်နေတာကြောင့် ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်တွေကလည်း မရေမရာ ဖြစ်နေပါတော့တယ်။

( RFA ဝိုင်းတော်သား စောဖိုးခွား စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့