လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပစ်ခတ်မှုကြောင့် မိုင်းယန်းပြည်သူ့စစ် ခေါင်းဆောင်နဲ့ ဇနီး သေဆုံး

2019-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာမှာရှိတဲ့ မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင်အိမ် (ပန်းရောင်) ကို တွေ့ရစဉ်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာမှာရှိတဲ့ မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင်အိမ် (ပန်းရောင်) ကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာမှာရှိတဲ့ မိုင်းယန်း ပြည်သူ့စစ် ခေါင်းဆောင်အိမ်ကို မနေ့ည ၈နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်တာကြောင့် မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်နဲ့ ဇနီး ဒေါ်အေးမြ  သေဆုံးခဲ့ပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နေအိမ်အရှေ့က ကောင်းခါး ပြည်သူ့စစ်ရုံးနဲ့နေအိမ်ပတ်လည်ကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုနိုင်ခြင်းမရှိကြပါဘူး။

သေဆုံးသွားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်မှာ သား နှစ်ယောက်၊ သမီး နှစ်ယောက်ရှိပြီး သူတို့ဟာ ခရီးထွက်နေချိန်ဖြစ်တယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားချိန်မှာ နေအိမ်မှာ ဦးဝင်းမောင်နဲ့ဇနီးဖြစ်သူ၊ မြေးဖြစ်သူတို့သုံးဦးသာ ရှိနေချိန်ဖြစ်ပြီး မြေးဖြစ်သူကတော့ လွတ်မြောက်ခဲ့ပါတယ်။

မိုင်းယန်းကျေးရွာမှာ မိုင်းယန်းပြည်သူ့စစ်အဖွဲ့နဲ့ကောင်းခါးပြည်သူ့စစ်အဖွဲ့ဆိုပြီး နှစ်ဖွဲ့ ရှိပါတယ်။

သေဆုံးသူ ဦးဝင်းမောင်ဟာ အရင်က လားရှိုးအခြေစိုက် ခလရ ၆၈ ကနေ အငြိမ်းစားယူခဲ့တဲ့ စစ်သားဟောင်း တစ်ဦး ဖြစ်ပြီး မိုင်းယန်းရွာမှာ ပြည်သူ့စစ်အဖြစ် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လုပ် ကိုင်ခဲ့တာလို့ မိသားစုဝင်အချို့က ပြောပါတယ်။

မိုင်းယန်းပြည်သူ့စစ်အဖွဲ့ဟာ အမာခံ အယောက် ၂၀ နဲ့အရန်အင်အား ၄၀ စုစုပေါင်း ၆၀ အထိရှိပြီး မိုင်းယန်းတိုက်နယ် ကောင်းခါး ပြည်သူ့စစ်ကတော့ ဂျာယန်ကျေးရွာလက်အောက်ခံ တိုက်နယ်အဆင့် သာရှိပြီး လူဦးရေ ရှစ်ယောက်လောက်ပဲရှိတယ်လို့မိုင်းယန်းကျေးရွာ အုပ်စုကောင်းခါး ပြည်သူ့စစ်အဖွဲ့ တိုက်နယ်မှူး ဦးမောင်စိန် က ပြောပါတယ်။

မိုင်းယန်းကျေးရွာ ကောင်းခါးပြည်သူ့စစ် တိုက်နယ်မှူး ဦးမောင်စိန်က အခုပစ်ခတ်ခံရမှုဖြစ်စဉ်ဟာ ပထမဆုံးဖြစ်တယ်လို့ ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့ဟာ ဦးဝင်းမောင်ရဲ့ နေအိမ်အတွင်းထိ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ဦးဝင်းမောင်ဟာ နေအိမ်ရဲ့အိမ်သာအတွင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး ဇနီးဖြစ်သူကတော့ နေအိမ်အဝင်မှာ သေဆုံးနေတာဖြစ်ပါတယ်။

နေအိမ်အပေါ် ဝရန်တာ နဲ့ ရေချိုးခန်းအနီးမှာ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတစ်လုံးစီ တေ့ွခဲ့ရပါတယ်။

ဒါ့အပြင် အိမ်ရှေ့ ခြံဝင်းနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးကို တွေ့ရပြီး နေအိမ် အတွင်းပိုင်း အပေါ်ထပ်၊ အောက်ထပ် အခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်နဲ့ဇနီးဖြစ်သူကို ပရဟိတအဖွဲ့အကူအညီနဲ့ လားရှိုးဆေးရုံကို ဒီကနေ့မနက်မှာပဲ ပို့ဆောင်ခဲ့ပါတယ်။

အဲဒီကျေးရွာတွေတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ရက်တွေက တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းတွေကတော့ အခုလ ၁၉ ရက်နေ့မှာ ကျေးရွာကို လာရောက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်သွားသူတွေဟာ တရုတ်စကားကို အများဆုံးပြောပြီး တစ်ခါတရံမှာ ရှမ်းလိုလည်း ပြောကြတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စအတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိတဲ့ TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA က မေးမြန်းရာမှာ သူတို့အနေနဲ့ ဒီကိစ္စကို သတင်းမရရှိသေးကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ က ဒေသခံဌာနေ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့တပ်မတော်နဲ့ စစ်ရေးအတွင်း မပါဝင်ဖို့၊ မိသားစုတွေနဲ့သာ နေကြဖို့ တပ်မတော်ဘက်က ပြည်သူ့စစ် အဝတ်အစားတွေ ဝတ်ဆင်ပြီး ရှေ့တန်းမှာလှုပ်ရှားနေတာတွေ ရှိနေတာကြောင့် ရှေ့တန်းမှာ တပ်မတော်နဲ့အတူ တွေ့ရတဲ့ ပြည်သူ့စစ်နဲ့ ရဲဝတ်စုံ ဝတ်ဆင်ထားသူတွေကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း သတိပေးစာ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၀ ရက်နေ့နဲ့၂၁ ရက်နေ့ဒီကနေ့အထိ ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့