ဆွာဆည်ကျိုးပေါက်မှုကြောင့် နစ်နာခဲ့တဲ့တောင်သူတွေ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြခွင့်မရ

2019-03-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့မှာ ၂၀၁၉၊ မတ် ၁၅ ရက်နေ့က ကျင်းပတဲ့ လူထုတေ့ွဆုံပွဲမှာ တွေ့ရစဉ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့မှာ ၂၀၁၉၊ မတ် ၁၅ ရက်နေ့က ကျင်းပတဲ့ လူထုတေ့ွဆုံပွဲမှာ တွေ့ရစဉ်
Photo: Htet Arkar/ RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့က လူထုတေ့ွဆုံပွဲမှာ ဆွာဆည်ကျိုးပေါက်မှုကြောင့် လယ်ယာမြေပျက်စီးဆုံးရှုံးခဲ့သူတွေရဲ့ အခက်အခဲတွေကို တင်ပြခွင့်မရခဲ့တာတွေ ရှိတယ်လို့ RFA ကို ပြောပါတယ်။

မနေ့က အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဆွာမြို့ သိုင်းဝကျေးရွာအုပ်စုထဲက ကျွန်းတောစုကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတေ့ွဆုံပွဲမှာ သိမ်းယူခံရတဲ့ လယ်ယာမြေအရေး ကိစ္စတွေကိုသာ တင်ပြသခွင့်ရခဲ့တယ်လို့ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း ဆွာရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ရွာ ၈၅ ရွာ ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၄ သောင်းကျော် ရေဘေးသင့်ခဲ့ပါတယ်။ ရေဖုံးလွှမ်းခံခဲ့ရတဲ့ လယ်ယာမြေဧက ၂ သိန်းကျော်ခဲ့ပြီး သဲဖုံးခဲ့တဲ့ ဧက ၆သောင်းကျော်တယ်လို့ တိုင်းအစိုးရအဖွဲ့ စာရင်းတွေအရ သိရပါတယ်။

ရေဘေးဒဏ်ခံခဲ့ရတဲ့ လယ်ယာမြေတွေဟာ လက်ရှိမှာ ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် တောင်သူတွေက သူတို့ကို စိုက်ပျိုးရေးဘဏ်ကနေ အတိုးမဲ့ ငွေချေးပေးဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြလိုတာလို့ RFA ကို ပြောကြပါတယ်။ မနေ့ကတေ့ွဆုံပွဲမှာ လူဦးရေအကန့်အသတ်နဲ့သာ တင်ပြခွင့်ပေးခဲ့တာဖြစ်ပြီး တင်ပြခွင့်ရရှိခဲ့သူထဲမှာ ဆွာရေလှောင်တမံကြောင့် နစ်နာခဲ့တဲ့ တောင်သူတွေအရေးကို တင်ပြမယ့်သူမပါဝင်ဘဲ မြေယာအသိမ်းခံရမှုတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ တင်ပြတာတွေသာ ရှိခဲ့တယ်လို့ သိရပါတယ်။

တင်ပြခွင့်ရခဲ့တဲ့ မြေယာသိမ်းခံရမှုတွေနဲ့ ပတ်သက်လို့တော့ အတိုင်ပင်ခံပုဂ္ဂိုလ်က မြေယာစိစစ်ရေးဌာနကို လူအင်အားထပ်မံဖြည့်ပေးမယ်ဆိုရင် အမြန်ဆုံးဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ ဒီမြေယာကိစ္စတွေကို အမြန်ဆုံးဖြေရှင်းပေးမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

မနေ့က တေ့ွဆုံပွဲအပြင်ဘက်မှာ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ပေးဖို့ ဒေသခံတချို့က ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့