ဗစ်တိုးရီးယားအမှု စွပ်စွဲခံရသူ ယာဉ်မောင်းနဲ့ လိုပြသက်သေ ထွက်ဆိုချက် ကွဲလွဲ

2019-10-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗစ်တိုးရီးယားအမှု ရုံးချိန်း တက်ရောက်လာသည့် ရှေ့နေများ။ (၂၀၁၉၊ အောက်တိုဘာ ၉ ရက်)
ဗစ်တိုးရီးယားအမှု ရုံးချိန်း တက်ရောက်လာသည့် ရှေ့နေများ။ (၂၀၁၉၊ အောက်တိုဘာ ၉ ရက်)
Photo: RFA

နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံအဖြစ် ဖမ်းဆီးစွပ်စွဲခံထားရသူ ကိုအောင်ကြီးကို အာမခံပေးဖို့ သူရဲ့ရှေ့နေက တင်ပြခဲ့တာကို လက်မခံဘဲ ပ-လပ်ပေးဖို့ အစိုးရဥပဒေအရာရှိက ဒီကနေ့ တရားရုံးမှာ လျှောက်လဲချက်ပေးခဲ့ပါတယ်။

ဒီနေ့ ရှစ်ကြိမ်မြောက်ရုံးချိန်းမှာ Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ရဲအုပ် ရန်နောင်စိုးက သက်သေအဖြစ် ထွက်ဆိုခဲ့ရာမှာ ကွဲလွဲချက်တချို့ ရှိခဲ့တယ်လို့လည်း ကိုအောင်ကြီးရဲ့ရှေ့နေတွေက ပြောပါတယ်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ ဗစ်တိုးရီးယားလေး လိင်အကြမ်းဖက်ခံရမှု ရှစ်ကြိမ်မြောက် ရုံးချိန်းမှာ အောင်ကြီးအတွက် အာမခံပေးဖို့ သူ့ရဲ့ ရှေ့နေက ပြီးခဲ့တဲ့ တစ်ပတ် ရုံချိန်းမှာ စာနဲ့ တင်ပြခဲ့ တာကို ဒီနေ့ နှစ်ဖက် ရှေ့နေတွေ က အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ပါတယ်။

အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က မုဒိမ်းမှုနဲ့ ဖမ်းဆီးစွပ်စွဲခံထားရတဲ့ ကိုအောင်ကြီး အတွက် အာမခံပေးဖို့ တင်ပြခဲ့ပေမယ့် တစ်ဘက် အစိုးရ ဥပဒေအရာရှိက ကန့်ကွက်ခဲ့တယ်လို့ ပြောပါတယ်။

နောက်လာမယ့် ရုံးချိန်းမှာ အောင်ကြီး အာမခံ ရ၊ မရ တရားသူကြီးက အမိန့်ချမယ်လို့ သိရပါတယ်။

ဒီနေ့ တရားခွင်မှာ ကိုအောင်ကြီးအတွက် အာမခံပေးဖို့ သင့်၊ မသင့် တင်ပြခဲ့ရာမှာ နှစ်ဘက်ရှေ့နေတွေကြား အဓိပ္ပါယ်ဖွင့်ဆိုတဲ့အပိုင်းမှာ ကွဲလွဲချက်တွေတော့ ရှိတယ်လို့ ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။

ဒါ့အပြင် ဒေါ်ဥမ္မာလှိုင်ရဲ့အမျိုသား ရဲအုပ် ရန်နောင်စိုးနဲ့ ကျောင်းကြိုပို့ ဖယ်ရီကားမောင်းတဲ့ ယာဉ်မောင်း နှစ်ဦး ကိုလည်း ဒီနေ့ ရှစ်ကြိမ်မြောက် ရုံးချိန်းမှာ စစ်ဆေးခဲ့ပါတယ်။ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဖြစ်သူ ရဲအုပ် ရန်နောင်စိုးရဲ့ တရားခွင်မှာ ထွက်ဆိုချက်တွေဟာ အောင်ကြီးဘက်က ပြောဆိုထားချက် တချို့နဲ့ ကွဲလွဲချက်ရှိနေတယ်လို့ အောင်ကြီးရဲ့ ရှေ့နေတွေက ပြောပါတယ်။

ကိုအောင်ကြီးဟာ လိင်အကြမ်းဖက်မှု ဖြစ်ပွားခဲ့တယ်လို့ဆိုတဲ့ မေလ ၁၆ ရက်နေ့ကမှ Wisdom Hill မူကြိုကျောင်း မှာ ယာဉ်မောင်းအဖြစ် စတင် လုပ်ကိုင်တယ်လို့ ရဲအုပ် ရန်နောင်စိုးရဲ့ တရားခွင်မှာ သက်သေထွက်ဆိုချက်အရ သိရပါတယ်။

ကိုအောင်ကြီးရဲ့ ရှေ့နေ နောက်တစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်ကတော့ အောင်ကြီးဘက်က ပြောဆိုထားတာနဲ့ ရဲအုပ် ရန်နောင်စိုး သက်သေထွက်ဆိုချက်မှာ ကွဲလွဲချက် တချို့ ရှိတယ်လို့ ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ဟာ တရားခွင်အတွင်း ဗစ်တိုးရီးယားအပါအဝင် မိသားစုဝင်တချို့ရဲ့ ပြောဆိုချက်တွေကို သတင်းမီဒီယာတွေမှာ ပြန်လည်ပြောဆိုလို့ဆိုပြီး ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ နဲ့ တရားစွဲဆိုတာကို ခံထားရသူတစ်ဦးပါ။

ကိုအောင်ကြီးရဲ့ ဖခင်ဖြစ်သူ ဦးမြသိန်းကတော့ ကျောင်းကို ကိုအောင်ကြီး ကားနဲ့ လာခဲ့သလား ဆိုင်ကယ်နဲ့ လာခဲ့သလားဆိုတာမှာ ကွဲလွဲချက်တွေ တွေ့ရတယ်လို့ ပြောပါတယ်။

လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့ ကိုးကြိမ်မြောက်ရုံးချိန်းမှာ  Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက CCTV မှတ်တမ်းနဲ့ ပတ်သက်ပြီး ဝန်ထမ်း ကိုရန်နောင်ဌေး နဲ့ ကျောင်းက ဆရာမ နှစ်ဦးကို စစ်ဆေးမှာ ဖြစ်ပါ တယ်။

ကိုအောင်ကြီးဟာ မေလကုန်လောက်မှာ ဒီအမှုအတွက် ပထမအကြိမ် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးတာကို ခံခဲ့ရပြီး သက်သေ မလုံလောက်လို့ ဆိုပြီး ဇွန်လမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဇူလိုင်လမှာတော့ နောက်တစ်ကြိမ် ဖမ်းဆီး ခံခဲ့ပြီး သံသယ တရားခံအဖြစ် စွပ်စွဲ ခံထားရတာ အခုဆိုရင် လေးလ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့