ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်ကတိုက်ပွဲများ

2019-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့အပြီးတွေ့ရသော မြန်မာ့တပ်မတော်သားများ။
သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့အပြီးတွေ့ရသော မြန်မာ့တပ်မတော်သားများ။
Photo: AFP

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲ ဟာ တရက်ကို ၁ဝ နေရာလောက်မှာဖြစ်နေပြီး၊ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိနေတယ်လို့ မဟာမိတ်သုံးဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂ဝ ရက်နေ့တရက်တည်းမှာတင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ၊ ကွတ်ခိုင်မြို့နယ်ထဲက လွိုင်ဆမ်ဆစ်လို့ခေါ်တဲ့ တောင်သုံးဆယ်၊ နမ့်ပါချီး၊ မန်နောင်ရွာ၊ နာဒီရွာနဲ့ ဟိုလီရွာ၊ ကွတ်ခိုင်မြို့ ခလရ ၄၅ စခန်းအနီးနဲ့ ကျောက်မဲမြို့နယ် မန်စံရွာအနားက ပန်ခါးမွန်းတောင်တို့မှာဖြစ်ခဲ့တယ် လို့ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာတော့ သြဂုတ်လ ၂ဝ ရက်နေ့မှာ မင်းပြားမြို့နယ် ကုလားမတောင်ရွာ အနောက်တောင်ဖက်ဒေသမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့ပြီး၊ အဲဒီမှာ တပ်မတော်ဘက်က ခုနှစ်ယောက်ကျဆုံးတာရှိတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။ ပြီးတော့ အောင်တိုင်ရွာ၊ ရွှေတမာရွာ၊ ဘူးသီးတောင်မြို့နယ်က ဂေါင်းတိုက်ရွာတို့မှာ လည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့ကနေ မနေ့ကထိ နှစ်ဖက်ဖြစ်တဲ့တိုက်ပွဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က နှောင့်ယှက်ပစ်ခတ်မှုတွေပေါင်းရင် သူတို့ဘက်က ထုတ်ပြန်တဲ့ အရေအတွက်လောက်မရှိဘဲ ဖြစ်ရပ်ပေါင်း ၂ဝ ကျော်လောက်ပဲရှိတယ်လို့ RFA ကိုပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာ တိုက်ပွဲ ၆ နေရာအတွင်း တပ်မတော်ဘက်က ၃၀ ကျော်ကျဆုံးပြီး၊ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ဖော်ပြပါတယ်။

မြန်မာ့တပ်မတော်ကဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ သြဂုတ်လ ၁၅ ရက်နေ့ကကျဆုံးတဲ့သူ ၉ ယောက်ရှိတယ်ဆိုတာအရင်ကလည်းပြောထားပြီးဖြစ်သလို၊ တိုင်းရင်းသားအဖွဲ့တွေဘက်ကပြောသ လောက် ကျဆုံးတာမရှိဘူး၊ အဲဒီထက်နည်းတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကျောက်မဲနဲ့ ၁၄ မိုင် လောက်ဝေးတဲ့ပန်စံရွာဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ စခန်းတခုကိုသိမ်းမိပြီး အဲဒီမှာ အလောင်းတလောင်းနဲ့ လက်နက်ကျည်ဆန်တွေအပြင် မူးယစ်ဆေးဝါးတချို့သိမ်းဆည်းမိတယ်လို့ ပြောပါတယ်။ အခုဆိုရင် အဲဒီဒေသမှာ နယ်မြေတည်ငြိမ်အောင် ဆောင်ရွက်နေသလို၊ သိန္တီွ ကွမ်လုံ လမ်းပေါ်က ဖျက်ဆီးခံထားရတဲ့ တံတားသုံးစင်းကိုပြန်တည်ဆောက်နေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကပြောပါတယ်။

အဲဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီရက်ပိုင်းဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် နှစ်ထောင်ကျော်ရှိနေပြီး၊ ၁၉ ယောက်သေဆုံးတယ်လို့ မြန်မာအစိုးရအရာရှိတွေက ပြောဆိုတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ မနေ့ကဖော်ပြလိုက်ပါတယ်။

တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေ မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စစ်ပြေးဒုက္ခသည် လေးထောင့်ရှစ်ရာကျော်ရှိနေပြီး၊ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေကကူညီကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်မှာစိုးရိမ်ပြီး၊ နှစ်ဖက်တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ မနေ့က သြဂုတ်လ ၂၁ ရက်နေ့မှာကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်တာတွေ့ရပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့