ပြည်သူတွေ ထောင်ချောက်ထဲ မဝင်မိအောင် ဂရုစိုက်ဖို့ သမ္မတ သတိပေး

2019-04-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားစဉ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားစဉ်
Photo: Myanmar President Office

ပြည်သူတွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခ ထောင်ချောက်ထဲကို မဝင်မိအောင် ဂရုစိုက်ဖို့ လိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားလိုက်ပါတယ်။

မြန်မာအသံနဲ့ သမ္မတရုံး အင်တာနက်စာမျက်နှာတွေကနေ နှစ်သစ်ကူး ရုပ်သံမိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

အစိုးရအနေနဲ့ စိတ်ခေါ်မှုတွေ၊ အခက်အခဲ၊ အကျပ်အတည်းတွေကို ပြည်သူလူထုရဲ့ ပူးပါင်းကူညီပံ့ပိုးပေးမှုတွေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ရောက်ရှိနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်တွေကို သတိပြုပြီး လှုံဆော်ဖန်တီးမှုတွေကို စိတ်ခံစားမှုတွေနဲ့ မတုံ့ပြန်မိကြဖို့ကိုလည်း သတိပေး ထားပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့အနေနဲ့ ကာလရှည်ကြာဝေဒနာတစ်ရပ်ဖြစ်နေတဲ့ အဂတိလိုက်စားမှုတွေကို အတိုင်းအတာ တစ်ခုအထိ ထိရောက်အောင်မြင်အောင် ကာကွယ်တိုက်ဖျက်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

အဂတိလိုက်စားမှုတွေကို ကျောသားရင်သားမခွဲခြားဘဲ အရေးယူဆောင်ရွက်နေသလို တိုင်းနဲ့ပြည်နယ်တွေမှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးခွဲတွေနဲ့ ဝန်ကြီးဌာနတွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ Corruption Prevention Unit – CPU တွေကိုလည်း ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေအရဆိုရင်လည်း ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သလို ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၂) အဖြစ် နိုင်ငံရေးကဏ္ဍအခြေခံမူ သဘောတူညီချက် ၄ ချက်၊ စီးပွားရေးကဏ္ဍအခြေခံသဘောတူညီချက် ၁ ချက်၊ လူမှုရေးကဏ္ဍအခြေခံသဘောတူ ညီချက် ၇ ချက်၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံသဘောတူညီချက် ၂ ချက် စုစုပေါင်း ၁၄ ချက် တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့လည်း အစရှိ သဖြင့် ပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့