မြန်မာအလုပ်သမား ၄ဝ ကို မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံ ရနောင်းနယ်စပ်ကို လူမှောင်ခိုသွင်းလာတဲ့ ထရပ်ကား ၃ စီးကို ထိုင်းစစ်တပ်က ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းတပ်မတော် အမှတ် ၂၅ ခြေမြန်တပ်ရင်းက တပ်သားတွေဟာ နယ်မြေခံရွာသားတွေရဲ့ သတင်းပေးချက်အရ ထိုင်းနိုင်ငံ ချွန်ပုံမြို့ဘက်ကို ဝင်ရောက်လာတဲ့ ထရပ်ကား ၃ စီးကို တွေ့ရှိခဲ့ပြီး ရပ်တန့်စစ်ဆေးရာမှာ တရားဝင် စာရွက်စာတမ်းမပါဘဲ တင်ဆောင်လာတဲ့ မြန်မာအလုပ်သမား ၄ဝ ကို ဖမ်းဆီးမိခဲ့တာလို့ ဒီနေ့ဘန်ကောက်မြို့ထုတ် နေရှင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီအလုပ်သမား ၄ဝ မှာ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၆ ဦးပါဝင်ပြီး၊ မြန်မာယာဉ်မောင်း ၂ ဦး၊ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒီအလုပ်သမားတွေကို မြန်မာဘက် ကိုးဆောင်းကနေ လူတယောက်ကို ဘတ် ၂ ထောင်နှုန်းနဲ့ တင်ဆောင်လာတာ လို့ ကားသမားတွေက ဝန်ခံထားပြီး ချွန်ပုံမြို့ကနေ နောက်ထပ်အဖွဲ့တဖွဲ့က မလေးရှားနိုင်ငံထဲကို မှောင်ခိုပို့ဆောင်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။
ကားသမား ၃ ဦးကို ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးကို စစ်ဆေးမေးမြန်းဖို့ ပို့ဆောင်ထားပြီး၊ အလုပ်သမားတွေ ကိုတော့ စစ်ဆေးမေးမြန်းပြီး ပြည်နှင်ဒဏ် ပေးမယ်လို့လည်း သတင်းမှာရေးသားထားပါတယ်။