အိုအိုင်စီ အထူးအစည်းအဝေး ကျင်းပမှုအပေါ် မြန်မာအစိုးရ သတင်းထုတ်ပြန်

2017-01-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က တက်ရောက်လာသူတွေကို တွေ့ရစဉ်
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က တက်ရောက်လာသူတွေကို တွေ့ရစဉ်
Photo: Organisation of Islamic Cooperation (OIC)

မလိုလားအပ်တဲ့ ဖိအားပေးမှုတွေ ပြုလုပ်နေတာဟာ ပြဿနာကို ပိုမိုရှုပ်ထွေးစေတယ်လို့ ရခိုင်ပြည်နယ်ပြဿနာ ကို ဆွေးနွေးဖို့ မလေးရှားနိုင်ငံမှာ အိုအိုင်စီ အထူးအစည်းအဝေး ခေါ်ယူကျင်းပတာနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က အိုအိုင်စီ အထူးအစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ အဖြစ်မှန်ကို မစိစစ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေ ရှိနေသယောင် ရည်ရွယ်ချက်ရှိရှိပုံဖော်နေတဲ့ သတင်းမီဒီယာအချို့ရဲ့ သတင်းဖော်ပြချက်တွေ အပေါ်မှာအခြေခံတယ်လို့ ယူဆကြောင်းနဲ့ အဲဒီလိုအထူးအစည်းအဝေးခေါ်ယူတာကို အထူးစိတ်မကောင်းဖြစ်မိကြောင်းလည်း ပါရှိပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ မြန်မာအစိုးရက ရခိုင်ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်နေ တာတွေကို လျစ်လျူရှုရာကျကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အခြေအနေဟာ ဘာသာရေးဖိနှိပ်မှုမဟုတ်ဘဲ ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကို အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ အစိုးရက ဆောင်ရွက်နေတာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့လည်း အစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ပြည်ပက ကူညီပံ့ပိုးပေးထားတဲ့ အစွန်းရောက်အကြမ်းဖက် တိုက်ခိုက် သူတွေက ရခိုင်ပြည်နယ်မှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲစခန်းတွေကို စနစ်တကျ ကြိုတင်ကြံစည်ပြင်ဆင်ပြီး အကြမ်းဖက်တဲ့ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အဲဒီအခြေအနေတွေကို အိုအိုင်စီအထူးအစည်းအဝေး မှာ ဖော်ပြထားခြင်းမရှိတာကို တေ့ွရကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြဿနာနဲ့ပတ်သက်ပြီး ရေရှည်တည်တံ့မယ့် ဖြေရှင်းမှုဖြစ်ဖို့ အာရုံစိုက်ဆောင်ရွက်နေတာကသာ အသိုက်အဝန်းနှစ်ရပ်လုံးရဲ့အကျိုးကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်းနဲ့ မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နားလည်မှုနဲ့ အပြုသဘောဆောင် ပူးပေါင်းကူညီပေးဖို့လိုကြောင်း တိုက်တွန်းထားပါတယ်။

တပ်မတော်ပိုင် မြဝတီသတင်းဌာနမှာ မနေ့က ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ရှေးကတည်းက မရှိကြောင်း၊ အခုထိလည်း မရှိသလို လူမျိုးတုံး သတ်ဖြတ်ခြင်းဆိုတာလည်း လုံးဝမရှိကြောင်း ဟံသာဝတီ ဦးအုန်းကြိုင် ရေး သားတဲ့ ဆောင်းပါးကိုဖော်ပြခဲ့ပါတယ်။

အဲဒီဆောင်းပါးမှာ တဖက်နိုင်ငံက စားဝတ်နေရေးမပြေလည်ကြတဲ့ ဘင်္ဂါလီ လူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်စည်းရိုးကို ချိုးဖောက်ပြီး ကျူးကျော်ဝင်ရောက်လာခဲ့တာ ကြာပြီဖြစ်ကြောင်း နဲ့ ရခိုင်သမိုင်းကို ဖော်ပြ ခဲ့ပါတယ်။

ဒါ့အပြင် ကျူးကျော်လာသူတွေဟာ အခုဆိုရင် ရှမ်းပြည်နယ်ဧရိယာ အကျယ်အဝန်းလောက် ရှိနေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီလူဦးရေ သန်းပေါင်း ၂၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း မွတ်ဆလင်ကွန်ရက် အဖွဲ့အစည်းတွေက လုပ်ကြံဖန်တီးပြီး ဘင်္ဂါလီအကြမ်းဖက်သမားတွေက ခံနေရတယ်ဆိုတဲ့ သတင်းတွေကို ထုတ်လွှင့်နေကြတယ်လို့ ပါရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့