တောင်ကိုရီးယား-မြန်မာ စီးပွားရေးဦးစားပေးဆွေးနွေးတောင်ကိုရီးယား-မြန်မာ စီးပွားရေးဦးစားပေးဆွေးနွေး

2019-09-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကိုးရီးယားသမ္မတ မွန်ဂျေအင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၉ စက်တင်ဘာ ၃ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်
ကိုးရီးယားသမ္မတ မွန်ဂျေအင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၉ စက်တင်ဘာ ၃ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်
Photo: Thiha Tun/RFA

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ နှစ်နိုင်ငံစီးပွားရေး မြှင့်တင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံနားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အခြေစိုက် ARIRING TV ရုပ်သံသတင်းဌာနကတော့ ခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာပြဿနာ ဖြေရှင်းနိုင်ရေး ကိုရီးယားနိုင်ငံက ကူညီပေးလိုတယ်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားသမ္မတတို့ နာရီဝက်ကြာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲကို အကျဉ်းချုပ် ပြုလုပ်ခဲ့ကြပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး ကိစ္စရပ်တွေကို စိတ်ဝင်စားကြောင်းနဲ့၊ နှစ်နိုင်ငံအတူပူးတွဲပြီး ဆောင်ရွက်နိုင်မယ့်အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသတင်းဌာနရဲ့ ဖော်ပြချက်အရ တောင်ကိုရီးယား-မြန်မာ နှစ်နိုင်ငံစီးပွားရေး ပိုမိုကြီးထွားလာစေဖို့ သမ္မတမွန်ဂျေအင်းက မျှော်မှန်းထားကြောင်းနဲ့ နှစ်နိုင်ငံအစည်းအဝေးမှာ စီးပွားရေးကို အဓိကအချက်အဖြစ် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် သမ္မတ မွန်ဂျေအင်းဟာ မနက်ဖြန် ရန်ကုန်မှာ ကျင်းပမယ့် ကိုရီးယား ရင်းနှီးမြှုပ်နှံမှုပွဲတစ်ခုကို တက်ရောက်မယ်လို့ သိရပါတယ်။ အဲဒီပွဲဟာ မြန်မာနိုင်ငံမှာ တောင်ကိုးရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို အဓိက ဆွဲဆောင်စေမယ့်ပွဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ်အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ချေးငွေဆိုင်ရာ သဘောတူညီချက်၊ ကုန်သွယ်ရေးနဲ့ စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ သင်္ဘောလိုင်းသင်္ဘောကျင်း အဆင့်မြှင့်တင်ရေး ထောက်ပံ့ပို့ဆောင်ရေး ဆိပ်ကမ်းတည်ဆောက်ရေးနဲ့ စီမံခန့်ခွဲရေး နယ်မြေများတွင် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ထွန်းသစ်စလုပ်ငန်းများနဲ့ တီထွင်ဆန်းသစ်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည့် ကားအစီးခြောက်ဆယ်အား ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်ခြင်း စတဲ့အကြောင်းအရာတွေနဲ့အတူ နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးတွေ တာဝန်ရှိအကြီးအကဲတွေက MOU စာချုပ်တွေကို လက်မှတ်ရေးထိုး ဖလှယ်ခဲ့ကြပါတယ်။

နှစ်နိုင်ငံစီးပွားရေး တိုးတက်လာဖို့အတွက် ကိုရီးယားရင်းနှီးမြှုပ်နှံသူတွေ ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းတွေကို အလွယ်တကူ ဆောင်ရွက်နိုင်ဖို့အတွက် တစ်နေရာတည်းပြီးပြတ်အောင် ဝန်ဆောင်မှုပေးမယ့် one-stop service center ကိုရီးယား Desk သီးသန့်အသစ်ဖွင့်ပေးဖို့ မြန်မာအစိုးရက ကတိပြုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ လက်ရှိမှာ ကိုရီးယားကုမ္ပဏီပေါင်း ၂ဝဝ ဝန်းကျင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ဆဋ္ဌမမြောက်အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃.၆၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းပေါင်း နှစ်ရာဝန်းကျင် ရှိပါတယ်။ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုဟာ ကန်ဒေါ်လာ ၇၁၃.၅ မီလီယံ ရှိပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့