သက်သေအသစ်တွေ တင်သွင်းနိုင်ရင် လိပ်ကျွန်းလူသတ်မှု ပြန်စစ်ဆေးခွင့်ရနိုင်

2019-09-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လိပ်ကျွန်းနဲ့ ရနောင်းလူသတ်မှု သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Lotte ဟိုတယ်မှာ ၂၀၁၉၊ စက်တင်ဘာ ၂၃ ရက်နေ့က  ကျင်းပစဉ်
လိပ်ကျွန်းနဲ့ ရနောင်းလူသတ်မှု သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Lotte ဟိုတယ်မှာ ၂၀၁၉၊ စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပစဉ်
ဓါတ်ပုံ - ဇာဏီထွဏ်း/ RFA

လက်ရှိ မလွတ်မြောက်သေးတဲ့ လိပ်ကျွန်းလူသတ်မှုက မြန်မာအလုပ်သမား နှစ်ယောက်နဲ့ သက်သေမခိုင်မာလို့ဆိုပြီး ပြန်လွတ်လာတဲ့ ရနောင်းလူသတ်မှု မြန်မာအလုပ်သမား လေးယောက်စလုံးဟာ ထိုင်းရဲတပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်လို့ ဝန်ခံခဲ့ရတာဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြပါတယ်။

ဒီလို ခြိမ်းခြောက်ဝန်ခံခိုင်းတာဟာ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှာ ဖမ်းဆီးတာ၊ စစ်ဆေးတာတွေမှာ အားနည်းချက်တွေ သွားတွေ့ရတယ်လို့ ထိုင်းရှေ့နေများကောင်စီဝင် Mr. Ratsada က ပြောပါတယ်။

"ဟုတ်ဟုတ် ၊မဟုတ်ဟုတ် အခုလိုမျိုး အရင်ဖမ်းဆီး၊ ဖမ်းဆီးပြီးတော့မှ အတင်းအဓမ္မ ခြိမ်းခြောက်ပြီး ဝန်ခံခိုင်းတာက တရားစီရင်ရေးရဲ့ အစပိုင်းဖြစ်တဲ့ စုံစမ်းစစ်ဆေးတာမှကို ပြဿနာရှိနေတာပါ"

ရနောင်းလူသတ်မှုကနေ ပြစ်ဒဏ်ကျပြီးနောက် ပြန်လွတ်လာတဲ့ မြန်မာအလုပ်သမား လေးယောက်ကလည်း ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေတဲ့ ကာလတစ်လျှောက်လုံး ညဘက် မအိပ်ရတဲ့အထိ ရိုက်နှက်တာ၊ ခြိမ်းခြောက်တာတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ပြန်လွတ်လာတဲ့ ကိုမိုးဇင်အောင်က ပြောပါတယ်။

"ကျနော်တို့ကို အမှောင်ခန်းထဲမှာ ထိုင်ခိုင်းတယ်။ အမှောင်ခန်းထဲမှာ နှိပ်စက်တယ်။ ခေါင်းကို အိတ်နဲ့စွတ်ပြီး အသက်ရှုကျပ်အောင်လို့၊ ပြီးတော့ သူတို့ရောက်လာတာ ကျနော်မသိသေးဘူး။ နောက်တော့ အသံကြားတယ်။ နှိပ်စက်နေတဲ့အသံတွေ၊ ရိုက်နှက်နေတဲ့အသံတွေ ကျနော်ကြားတယ်"

၂၀၁၅ ခုနှစ် စက်တင်ဘာမှာ ဖြစ်ပွားတဲ့ ရနောင်းလူသတ်မှုမှာ ပါဝင်တယ်ဆိုပြီး မိုးဇင်အောင်၊ ဝေလင်း၊ စိန်ကတုံးနဲ့ ကျော်စိုးဝင်းတို့ကို ၂၀၁၈  ဧပြီမှာ ထောင်ဒဏ် ၂ နှစ်ကနေ ၈ နှစ်အထိ ချမှတ်ခဲ့တာပါ။ သူတို့တွေဟာ ထောင်ထဲမှာ ၃ နှစ်ကျော်နေခဲ့ရတာဖြစ်ပြီး သက်သေမခိုင်လုံတာကြောင့် အယူခံအောင်ပြီး ဒီနှစ် ဇွန်မှာ လွတ်မြောက်ခဲ့တာပါ။

လူသတ်မှုမှာ သက်သေမခိုင်လုံလု့ိ ရနောင်းလူသတ်မှုကနေ ပြန်လွတ်လာပေမယ့် သူတို့ ရိုက်နှက်စစ်ဆေးခံခဲ့ရတာတွေ၊ ခြိမ်းခြောက်ခံခဲ့ရတာတွေ၊ ထောင်ထဲမှာ နေခဲ့ရတာတွေအတွက် နစ်နာတာတွေကို ပြန်တောင်းဆိုဖို့ ကြိုးစားနေတယ်လို့လည်း ပြောကြပါတယ်။

ရနောင်းလူသတ်မှုမှာ စွပ်စွဲခံရတဲ့ မြန်မာအလုပ်သမား လေးယောက်ရဲ့ ထိုင်းအလုပ်ရှင် ကိုယ်တိုင်က လူသတ်မှုဖြစ်ချိန်မှာ အဲဒီအလုပ်သမား လေးယောက်ဟာ အလုပ်ခွင်မှာရှိနေတဲ့အကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လိပ်ကျွန်းလူသတ်မှုမှာတော့ သက်သေအနေနဲ့ ရှိနေတဲ့ တည်းခိုခန်းက မြန်မာအလုပ်သမား ထမင်းချက် အမျိုးသမီးတစ်ယောက်၊ မီးကွင်းကပြတဲ့ အလုပ်သမား အမျိုးသား နှစ်ယောက်၊ CCTV အချက်အလက်တွေရှိတဲ့ အမျိုးသား နှစ်ယောက်ကတော့ သက်သေအဖြစ် တရားရုံးမှာ ထွက်ဆိုဖို့ ငြင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီသက်သေတွေ မတင်သွင်းနိုင်တာက အားနည်းချက်ဖြစ်နေတယ်လို့ လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ဦးကျော်သောင်းက ပြောပါတယ်။

"မြန်မာအစိုးရဘက်ကို ချဉ်းကပ်ပြီးတော့ သိရှိတဲ့ သက်သေတွေနောက်ကို လိုက်ဖို့နဲ့ ၊ သိရှိတဲ့သက်သေတွေကို ကျနော်တို့ နည်းဟန်နဲ့ မရတဲ့အခါ၊ ကျနော်တို့က အာဏာပိုင်တွေမဟုတ်ဘူး။ အစိုးရဝန်ထမ်းတွေ မဟုတ်တဲ့အခါ ဒါဒီလိုလုပ်ပါဆိုပြီး ပြောပြနိုင်ရုံကလွဲပြီး တခြားမရှိတဲ့အတွက် မျက်မြင်သက်သေတွေ၊ ခိုင်ခိုင်မာမာ ထွက်ဆိုနိုင်မယ့်လူတွေကို ထိုင်းတရားရုံးမှာ မတင်ပြနိုင်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးရတဲ့ လူတစ်ယောက်အနေနဲ့ တော်တော်ခံစားရပါတယ်"

အခုချိန်မှာ သက်သေအသစ်တွေ တင်သွင်းနိုင်မယ်ဆိုရင် လိပ်ကျွန်းလူသတ်မှုကို ပြန်စစ်ဆေးခွင့်ရနိုင်တယ်လို့လည်း ထိုင်းရှေ့နေများကောင်စီက ပြောပါတယ်။

အဲ့ဒီလူသက်သေတွေဟာ မြန်မာနိုင်ငံထဲကို ပြန်ရောက်နေတဲ့အတွက် မြန်မာအစိုးရကနေ ကူညီမှရမယ့် အခြေအနေဖြစ်နေတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

"ဒါလက်ရှိ အစိုးရပေါ်မှာပဲ မူတည်မယ်။ အစိုးရအနေနဲ့ ကိုယ့်နိုင်ငံသားတွေ မတရားခံရတယ်လို့ ထင်တယ်၊ ဥပဒေအရ ကာကွယ်ပေးမယ်ဆိုရင် အစိုးရကတော့ ဖိဖိစီးစီးနဲ့ လုပ်လို့ရမယ်အနေထားဖြစ်ပါတယ်"

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ယောက်အတွက်ကတော့ ထိုင်းဘုရင်ဆီကို အောက်တိုဘာ ၂၈ ရက်မတိုင်ခင် အသနားခံစာ တင်သွင်းဖို့အတွက် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်ရှင်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့