လိပ်ကျွန်းအမှုအတွက် ဥပဒေအကြံပြုချက်တွေ ပေးပို့

2017-05-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်
ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်
Photo: Supapong Chaolan

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအတွက် နောက်ဆုံးအယူခံမှာထည့်သွင်းဖို့ ဥပဒေဆိုင်ရာ အကြံပြုချက်တွေ ကို မြန်မာ ဥပဒေအကြံပေးအဖွဲ့က ထိုင်းရှေ့နေများကောင်စီကို မနေ့က ပေးပို့လိုက်ပါတယ်။

အဲဒီအကြံပြုချက်တွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးနဲ့ သံအမတ်ကြီးတို့ကိုယ်တိုင် ထိုင်းရှေ့နေများကောင်စီ ကို ပေးပို့လိုက်တာဖြစ်တယ်လို့ လိပ်ကျွန်းလူသတ်မှုအတွက် ဖွဲ့စည်းထားတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ဦးမင်းဦး က ပြောပါတယ်။

"သံမှူးနဲ့ သံအမတ်ကြီးကိုယ်တိုင် မနေ့က ထိုင်းရှေ့နေများကောင်စီကို သွားပို့ပြီးပါပြီ။ အချက်လက်တွေ ကတော့ အဟောင်းတွေပါသလို အသစ်တွေလည်း ပါပါတယ်။ အရင်အချက်တွေမဟုတ်ဘဲ နောက် ရှာတွေ့တဲ့ အချက်အသစ်တွေလည်း ပါပါတယ်။ တကယ်ပြောမယ်ဆိုရင်တော့ ကျနော်ထင်တယ် အချက်ပေါင်းက ၂၄ ချက်လောက် ပါပါတယ်။ ကျနော်တို့ တင်ပြတဲ့အချက်တွေကို ထိုင်းရှေ့နေ များကောင်စီရဲ့ သုံးသပ် ချက်တွေနဲ့ပေါင်းပြီးတော့ ဘယ်အချက်တွေပေါင်းမယ်၊ ဘယ်အချက်တွေ ပယ်မယ်၊ ဘယ်အချက်တွေ ထည့်မယ်ဆိုတာ လုပ်ပြီးတော့မှ ဒီလ ၂၃ ရက်မတိုင်ခင်မှာ တင်သွားမယ်လို့ ထင်ပါတယ်ခင်ဗျ"

အဲဒီအကြံပြုချက်တွေထဲမှာ အခင်းဖြစ်ပွားချိန်က သက်သေတွေကို ထိုင်းရဲတပ်ဖွဲ့က မသိမ်းထားတာ၊ သက်သေတွေ မရှိဘဲ DNA တူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာအလုပ်သမား ၂ ယောက်ကို တရားစွဲထားတာ၊ အသတ်ခံ လိုက်ရတဲ့ ဟန်နာရဲ့ ကိုယ်မှာတွေ့တဲ့ DNA ဟာ လူ ၃ ယောက်ရဲ့ DNA ဖြစ်တယ်ဆိုတဲ့ ကွဲလွဲချက်ကို ထည့်သွင်း မသုံးသပ်ခဲ့တာ စတဲ့အချက်လက်တွေပါဝင်တယ်လို့ ပြောပါတယ်။

နောက်ပြီး စကားပြန်လုပ်ပေးတဲ့သူကို သက်သေအဖြစ် ထည့်သွင်းထားတာ၊ အခင်းဖြစ်ပွားတဲ့နေရာမှာ သက်သေတွေကို သိမ်းဆည်းဖို့အတွက် မှုခင်းမှတ်တမ်းအရာရှိတွေ၊ အမှုစစ်ရဲတွေ မပါဘဲ ထိုင်းရဲတပ်ဖွဲ့ကပဲ လုပ်သွားတာတွေကိုလည်း ထောက်ပြထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ဇော်လင်း နဲ့ ဝင်းဇော်ထွန်းတို့ နှစ်ယောက်ကို ၂ဝ၁၅ ခုနှစ်က သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံဝင်ခဲ့ပေမယ့် ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်နေ့မှာ အယူခံတရားရုံးက အောက်ရုံးရဲ့ ဆုံးဖြတ်ချက်အတိုက် သေဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ဗဟိုတရားရုံးမှာ အယူခံဝင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့် မေ ၂၃ ရက်နေ့မတိုင်ခင် အယူခံတင်ရမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့