ခိုတောင်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံရှုံးနိမ့်

2019-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Mladen ANTONOV / AFP

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဘက်က တင်ပြထားတဲ့ နောက်ဆုံးအယူခံဟာ ဒီနေ့ ရှုံးနိမ့်သွားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းကို ကော့စမွီတရားရုံးက ချမှတ်ထားတဲ့ သေဒဏ်အမိန့်ကိုပဲ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံး တရားရုံးဖြစ်တဲ့ တရားရုံးချုပ်က ဒီနေ့ အတည်ပြုလိုက်တာပါ။

လူငယ်နှစ်ဦးကတော့ ဒီလူသတ်မှုကို သူတို့မကျူးလွန်တဲ့အတွက် သူတို့ကို ကူညီပေးဖို့ ပြောတယ်လို့ ဒီနေ့ တေ့ွဆုံခဲ့တဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို ပြောပါတယ်။

ထိုင်းရှေ့နေများ ကောင်စီက ဒီအယူခံမှာ မြန်မာနိုင်ငံသား နှစ်ဦးဘက်က အရေးသာတဲ့ အားသာချက် ၁၇ ချက်ကို တင်ပြထားတာဖြစ်ပါတယ်။

အဲဒီထဲမှာဆိုရင် သူတို့နှစ်ဦး ဝန်ခံခဲ့တာဟာ ထိုင်းရဲတပ်ဖွဲ့က နှိပ်စက်လို့ဆိုတဲ့ အချက်တွေ ပါဝင်သလို လူသတ် လက်နက်ဖြစ်တဲ့ ပေါက်တူးပေါ်မှာ ဒီမြန်မာနှစ်ယောက်ရဲ့ မျိုးရိုးဗီဇ DNA မတေ့ွရှိဘဲ တခြားနှစ်ယောက်ရဲ့ DNA တေ့ွရှိထားတဲ့ အချက်တွေ ပါဝင်ပါတယ်။

အဲဒီအချက်တွေနဲ့ပတ်သက်လို့ ဒီနေ့ တရားရုံးချုပ်ကတော့ နှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချပြီး DNA အထောက်အထား မတေ့ွရှိတာကိုလည်း လက်ခံခဲ့ပါတယ်။

အယူခံမှာ တင်ပြခဲ့တဲ့အချက်တွေကို ထည့်သွင်းသုံးသပ်မှု မရှိခဲ့သလောက်ပဲလို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"ကျွန်တော်တို့ကလေးတွေဟာ ဒီအမှုနဲ့ပတ်သက်လို့ ကျူးလွန်ပါတယ်လို့ ဝန်ခံရတဲ့အကြောင်းအရင်းဟာ နှိပ်စက်ညှင်းပန်းတာလို့ ပြောခဲ့ပေမယ့်လည်း အခုသုံးသပ်တဲ့အထဲမှာ ဒီလိုကိစ္စမျိုးတွေဟာ အစိုးရဌာနပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အချုပ်ခန်းဖြစ်တဲ့အတွက် ဒီလိုနှိပ်စက်ညှင်းပန်းတာတွေဖြစ်တယ်ဆိုတာ ရာနှုန်းပြည့်ယုံကြည်ရလောက်တာမရှိဘူးလို့ သုံးသပ်သွားပါတယ်။ ဒါပေမယ့် ဒေါက်တာ ဖွန်သစ်ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုတုန်းက ပေါက်တူးရိုးမှာ DNA မတေ့ွဘူးဆိုတာ သူကိုယ်တိုင်စစ်ဆေးပြီး ထွက်ဆိုခဲ့တာရှိပါတယ်။ ဒါပေမယ့် တရားခွင်က ဒီနေ့ သုံးသပ်တာကတော့ ပေါက်တူးရိုးမှာ DNA မတေ့ွတာဟာ ဒီကလေးတွေဟာ ဒီလူသတ်လက်နက်ကို အသုံးပြုပြီးတဲ့အခါမှာ ပင်လယ်နားမှာဖြစ်တာမို့လို့ ပင်လယ်ရေနဲ့ ဆေးလို့ DNA ပျောက်သွားတဲ့သဘောမျိုး သုံးသပ်တာတေ့ွရပါတယ်။ အဲဒါစိတ်မကောင်းစရာပါပဲ။ ဒေါက်တာဖွန်သစ်ရဲံ စစ်ဆေးချက်မှာ ကလေးတွေရဲ့DNA ကို ပေါက်တူးရိုးမှာ မတေ့ွဘူး ဒါပေမယ့် အခြားသူစိမ်းယောကျာ်းနှစ်ယောက်ရဲ့ DNA တွေကို တေ့ွတယ်လို့ ပြောထားတဲ့အချက်ဟာ ကျွန်တော်တို့ တော်တော်လေးကို စဉ်းစားရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေရဲ့ DNA ကို ရေဆေးလို့ ပျောက်သွားတယ်ဆိုရင် ဒေါက်တာဖွန်သစ် စစ်တော့ ထင်ရှားတဲ့ DNA နဲ့ မထင်ရှားတဲ့ DNA နှစ်ခုကို ပေါက်တူးပေါ်မှာ ရှိနေပါသေးလဲ။ အဲဒါတွေပေါ့ဗျာ။ ကျွန်တော်တို့ အားသာတဲ့ အချက်တွေကို တြင်ပထားပေမယ့် ထည့်သွင်းသုံးသပ်မှုမရှိတာ၊ ဒါမှမဟုတ် ထည့်သွင်းသုံးသပ်မှု အရာမရောက်ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်"

ဒါဟာ မြန်မာလုပ်သားနှစ်ဦးအတွက် နောက်ဆုံးအယူခံဖြစ်ပြီး ဒီအယူခံရှုံးနိမ့်သွားတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း ထိုင်းဘုရင်ထံ အသနားခံစာတင်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

ထိုင်းရှေ့နေများကောင်စီဟာ လာမယ့်တစ်ပတ်ထဲမှာ ဒီအမှုအတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒီကနေ မြန်မာအစိုးရဘက်က ဘယ်လိုပါဝင် ကူညီဆောင်ရွက်ပေးရမလဲဆိုတာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကတဆင့် ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ တရားရုံးကို သွားရောက်ခဲ့တဲ့ ထိုင်းအခြေစိုက် ပညာရေးနှင့် ဖံ့ွဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED အဖွဲ့ တည်ထောင်သူ ဦးထူးချစ်က - ထိုင်းဘုရင်ထံ အသနားခံစာကို မြန်မာလုပ်သားနှစ်ဦးရဲ့ မိသားစုထက်စာရင် မြန်မာအစိုးရက ကိုယ်စားတင်ပေးဖို့ ထိုင်းရှေ့နေတွေက အကြံပေးထားတယ်လို့ ပြောပါတယ်။

"အဓိက ထိုင်းရှေ့နေတွေ ပြောတာကတော့ မိသားစု၊ ရှေ့နေတွေထက်စာရင် မြန်မာအစိုးရအနေနဲ့ ကိုယ်စား ကလေးတွေအတွက် ဘုရင်ထံကို အသနားခံစာတင်ပေးဖို့ အကြံပေးထားပါတယ်။ မြန်မာအစိုးရအနေနဲ့ မဖြစ်မနေ သူတို့ကိုယ်တိုင် ကလေးတွေကိုယ်စား ထိုင်းဘုရင်မင်းမြတ်ကို အသနားခံစာ တင်ပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တင်လည်းတင်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ရှေ့နေ ဦးအောင်မျိုးသန့်က ထိုင်းဘုရင်ရဲ့ ဆုံးဖြတ်ချက်အပေါ် မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

"ဘုရင့်ထံ အသနားခံစာတင်ရင် ဘုရင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ပါတယ်။ ဒီအပေါ်မူတည်ပြီး တရားသေလွတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တသက်တကျွန်းပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ထောင်ဒဏ်ပြောင်းလဲသွားတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချိန်ကာလတခုတော့ စောင့်ရမှာပေါ့။ အဲဒီအတွက်လည်း ကျွန်တော်တို့ မျှော်လင့်ချက်ထားပါတယ်။"

ထိုင်းနိုင်ငံမှာ သေဒဏ်ကျ အကျဉ်းသား ၅၁ဝ ဦး ရှိနေတယ်လို့ ထိုင်းတရားရေးဌာနရဲ့ ၂၀၁၈ မတ်လ အချက်အလက်တွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက အဲဒီနှစ် စက်တင်ဘာလမှာ ရေးသားထားပါတယ်။

သေဒဏ်ကျအကျဉ်းသားကို နောက်ဆုံး ကွပ်မျက်ခဲ့တာကတော့ ၂၀၀၉ ခုနှစ်ကဖြစ်ပြီး ကွပ်မျက်ခံရသူ နှစ်ဦးကတော့ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင်ကျသူတွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက AP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက ခိုတောင်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်လူငယ်စုံတွဲ အသတ်ခံခဲ့ရတာပါ။ အဲဒီအမှုဟာ စက်တင်ဘာလကုန်တဲ့အထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိခဲ့ဘဲ အောက်တိုဘာလဆန်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဖမ်းဆီးခဲ့ပြီး သူတို့နှစ်ဦးက ဝန်ခံခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာတော့ ကော့စမွီတရားရုံးက သူတို့နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တာကြောင့် ၂၀၁၆ ခုနှစ် မေလမှာ ထိုင်းအယူခံတရားရုံးကို အယူခံတက်ခဲ့ပေမယ့် တစ်နှစ်နီးပါးအကြာမှာ ပယ်ချခံခဲ့ရပါတယ်။

အဲဒီနောက် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ထိုင်းဗဟိုတရားရုံးထံ နောက်ဆုံးအယူခံ ထပ်တက်ခဲ့ရာမှာ တစ်နှစ်အကြာမှာ ဒီနေ့ အမိန့်ချလိုက်တာဖြစ်ပါတယ်။

(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့