လိပ်ကျွန်းလူသတ်မှုအယူခံကာလ တစ်လ ထပ်တိုးတောင်း

2017-06-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်
ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်
Photo: Supapong Chaolan

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အတွက် နောက်ဆုံး အယူခံတင်ဖို့ ထိုင်းရှေ့နေများကောင်စီက အချိန် ၁ လ ထပ်တိုး တောင်းလိုက်တယ်လို့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေးအဖွဲ့ဝင် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED က ပြောပါတယ်။

ထိုင်းရှေ့နေများကောင်စီအနေနဲ့ နောက်ဆုံးအယူခံတင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် မြန်မာနိုင်ငံအစိုးရဘက်က အကြံပြုချက်တွေ ပေးလို့ရအောင် အချိန်တစ်လ ထပ်တိုးတောင်းတာ ဖြစ်တယ်လို့ FED ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။

"အဓိကကတော့ သူတို့ကတော့ ရှေ့နေတွေအနေနဲ့ကတော့ ဗဟိုတရားရုံးကိုတင်မယ့် နောက်ဆုံးအယူ ခံဖြစ်တော့ သူတို့စနစ်ပိုကျမယ်၊ အချက်လက် ပိုတိကျမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အယူခံတိုးတောင်းတယ် လို့ ကျနော်တို့ရဲ့ ရှေ့နေက ကျနော်တို့ကို ပြောပါတယ်။ ဘက်ပေါင်းစုံက ပြင်ဆင်ထားတာတော့ အဲဒီအယူခံက ပြည့်စုံနေပြီ၊ ဒါပေမဲ့ ဒီထက်ပြည့်စုံအောင် တခြားပညာရှင် ရှုထောင့်ရယ် နောက် ပြီးတော့ မြန်မာပြည်အစိုးရအနေနဲ့လည်း သူတို့စိတ်ဝင်တစားနဲ့ အကြံပေးချင်တာ ရှိလို့ရှိရင်လည်း အကြံပေးလို့ရအောင် အဲဒီလို အချိန်တိုးတောင်းတာလို့ ကျနော်တို့ နားလည်ပါတယ် ခင်ဗျ "

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အတွက် ထိုင်းနိုင်ငံ ဗဟိုတရားရုံးကို အယူခံတင်ဖို့ ရက်တိုးတောင်း ထားတာဆိုရင် ဒီတကြိမ်နဲ့ဆို ၄ ကြိမ်ရှိနေပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဗဟိုတရားရုံးကို ဇူလှိုင်လ ၂၁ ရက်နေ့မှာ နောက်ဆုံးအယူခံတင်သွင်းရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းကို အလည်ပတ်လာတဲ့ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံး က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို အယူခံတင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အယူခံကို ပယ်ချလိုက်ပြီး နဂိုချမှတ်ထားတဲ့ အတိုင်း သေဒဏ်ကျခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ ဗဟိုတရားရုံးကို နောက်ဆုံးအယူခံ တင်သွင်းဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့