အပူချိန်တွေ မြင့်တက်နိုင်တဲ့အတွက် သတိပြုနေထိုင်ဖို့ ဒေါက်တာထွန်းလွင် သတိပေး

2019-05-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် နဲ့ တွေ့ဆုံမေးမြန်းစဉ်
မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် နဲ့ တွေ့ဆုံမေးမြန်းစဉ်
Photo: Thiri Min Zin/ RFA

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံကို အဝင်နောက်ကျတာကြောင့် မေ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီး ၁၁ ခုမှာ အပူချိန်တွေ ဆက်ပြီးမြင့်တက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အန္တရာယ်ရှိလောက်တဲ့ အပူချိန်တွေ ဖြစ်လာနိုင်လို့ အထူးဂရုစိုက်နေထိုင်ဖို့ သတိပေးထား တာဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က RFA ကို ပြောပါတယ်။

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို မေလလယ်လောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေ သတွေမှာ မေလ ၂၁ ကနေ ၂၅ ရက်အတွင်းဝင်ရောက်နိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ မေလ ၂၆ ကနေ ၂၉ အတွင်း၊ မြောက်ပိုင်းဒေသတွေမှာ မေလ ကုန်ပိုင်းလောက်မှာ ဝင်ရောက်နိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဒါ့အပြင် မေလကုန်ထိ ကချင်ပြည်နယ်နဲ့ တနင်္သာရီကလွဲပြီး ကျန်တဲ့ တစ်နိုင်ငံလုံးမှာ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာစတဲ့ မိုးတိမ်တောင် အန္တရာယ်ကိုလည်း သတိပြုနေထိုင်ဖို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ထူးခြားတဲ့နေ့အပူချိန်တွေ အနေနဲ့ ဂန့်ဂေါမှာ ၄၇ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံ၊ ချောက်၊ မြင်းမူ၊ ညောင်ဦး၊ ပေါက် တို့မှာ ၄၆ ဒီဂရီစင်တီဂရိတ်၊ မုံရွာမှာ ၄၅ ဒီဂရီစင်တီဂရိတ်၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ မန္တလေး တို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်တို့ ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီလို အပူချိန်မြင့်တက်နေတာကြောင့် မန္တလေးဆေးရုံကြီးမှာ ဧပြီလကုန်ပိုင်းကနေ မေလ ၁၂ ရက်နေ့ထိ အပူရှပ်ပြီးဆေးဝါးကုသမှုခံယူတဲ့ လူနာ ၄ဝ ကျော်ရောက်လာပြီး သေဆုံးသူက ငါးဦးရှိခဲ့ကြောင်း မန္တလေးဆေး ရုံကြီးရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က RFA ကို ပြောထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့