တရားရုံးတွေနဲ့ ရဲစခန်းတွေကို လေ့လာမည်

2016-12-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို တွေ့ရစဉ်
ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက လာမယ့်နှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာ ရန်ကုန်တိုင်းအတွင်း ကျန်ရှိနေတဲ့ မြို့နယ် ၆ ခုက တရားရုံးတွေ၊ ဥပဒေရုံးတွေနဲ့ ရဲစခန်းတွေကို ကွင်းဆင်းလေ့လာသွားမယ်လို့ ကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ရန်ကုန်တိုင်းအတွင်းက တရားရုံးတွေကို ကွင်းဆင်းလေ့လာရာမှာ အမှုအခင်းကိစ္စတွေနဲ့ ပတ်သက်လို့ ကြန့်ကြာနေတာတွေကို လေ့လာတွေ့ရှိရတယ်လို့  ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

"အမှုကြန့်ကြာတယ်၊ ဘာကြောင့် ကြန့်ကြာလဲဆိုရင် ရဲသက်သေထွက်ဖို့တို့၊ ဆရာဝန်ကြီးတွေ သက်သေထွက်ဖို့တို့ အဲလိုနေရာတွေမှာကြာတယ်၊ မြို့နယ်တရားသူကြီးဆိုရင် အမှု ၁၀၀ နဲ့ ၁၅၀ ကြားလောက်ကိုင်ရတယ်၊ အမှုများတော့ ကြန့်ကြာတာတွေရှိတယ်၊ ဒီလိုပဲ ရဲဘက်မှာဆိုလည်း ရဲတွေက သူတို့ လုံခြုံရေးလိုက်ရ၊ ပြုရနဲ့ အခုလက်ရှိရန်ကုန်မြို့ရဲ့ လူဦးရေကလည်း များလာတော့  သူတို့ကလည်း အဲ့လိုပဲ မနိုင်ဝန်တွေ ထမ်းနေရတာ၊ ရဲတွေကိုယ်တိုင်ကိုကလည်း နောက်ပိုင်းကျတော့ စွမ်းဆောင် ရည်တွေ ကျလာတာပေါ့နော်၊ ဒါ့ကြောင့်မို့လို့လည်း မှုခင်းတွေ ပိုဖြစ်နေတာတွေ တွေ့ရတာပေါ့။"

မြို့နယ်ရဲစခန်းတစ်ခုမှာ ရဲအင်အား ၈၁ ယောက် ရှိရမှာ ဖြစ်ပေမယ့် တချို့မြို့နယ်တွေမှာ ရဲအင်အား မလုံလောက် တာတွေ၊ ရဲဝန်ထမ်းအိမ်ရာလိုင်းခန်းတွေ ဟောင်းနွမ်းပြီး အဆင့်မမီတာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

အဲဒီကော်မတီဟာ ပြီးခဲ့တဲ့အောက်တိုဘာလအထိ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၈ မြို့နယ်က တရားရုံး၊ ဥပဒေရုံးနဲ့ ရဲစခန်းတွေကို ကွင်းဆင်းလေ့လာခဲ့ပြီးဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလ ဒုတိယပတ်မှာတော့ ကျန်ရှိနေတဲ့ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေး စတဲ့ ၆ မြို့နယ်၊ ခရိုင် ၄ ခရိုင်နဲ့ တိုင်းအဆင့်တွေကို ဆက်လက်လေ့လာသွားမှာ ဖြစ်ပါတယ်။

ရရှိလာတဲ့ လေ့လာတွေရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ် ပုံမှန် အစည်းအဝေးမှာ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့