ဖွဲ့စည်းပုံပြင်ဆင်တဲ့ ဥပဒေမူကြမ်း ရေးဆွဲဖို့ ဘာတွေလိုအပ်မလဲ

2019-08-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်ကို ၂ဝ၁၉ သြဂုတ် ၁ ရက်နေ့က တွေ့ရစဉ်
ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်ကို ၂ဝ၁၉ သြဂုတ် ၁ ရက်နေ့က တွေ့ရစဉ်
Photo: Pyidaungsu Hluttaw

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးတဲ့နောက် ဒီအစီရင်ခံစာကို  လွှတ်တော်က အတည်ပြုမပြု ဆုံးဖြတ်မှာဖြစ်ပြီး လွှတ်တော်က အတည်ပြုခဲ့ရင် အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို ရေးဆွဲဖို့ ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၁ ဦးက နှစ်ရက်ကြာဆွေးနွေးပြီးတဲ့နောက် ဆွေးနွေးမှုအစီအစဉ်တွေက ပြီးဆုံးခဲ့ပါပြီ။

အစီရင်ခံစာအပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂၄ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆ ဦး၊ ရခိုင်အမျိုးသားပါတီက လေးဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က သုံးဦးတို့ ဆွေးနွေးခဲ့ကြသလို အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီနဲ့ တအာင်းပလောင်အမျိုးသားပါတီတို့က တစ်ဦးစီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် နှစ်ဦးက ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာဟာ ဖွဲ့စည်းပုံအခန်း ၁၂ ပါ ပြဌာန်းချက်နဲ့မညီတာကြောင့် ပယ်ဖျက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။

ဒီအစီရင်ခံစာပါ လုပ်ငန်းစဉ်တွေကို ဆက်ဆောင်ရွက်ဖို့မသင့်ဘဲ အခြေခံဥပဒေပါ အခန်း ၁၂ ပြဌာန်းချက်နဲ့အညီသာ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်မှာ တိုက်တွန်းခဲ့ပါတယ်။

ဒီအစီရင်ခံကို အတည်ပြုမပြု လွှတ်တော်က ဆုံးဖြတ်တဲ့အပေါ်မှာ စောင့်ကြည့်ပြီး ဆောင်ရွက်စရာရှိတာတွေ ဆက်ဆောင်ရွက်သွားမယ်လို့  ကြံ့ခိုင်ရေးပါတီ ဦးသောင်းအေးက RFA ကို ပြောပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီကတော့ ပူးပေါင်းကော်မတီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်းကလွဲလို့ ကျန်တဲ့ကဏ္ဍအားလုံးမှာ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ဖို့ အချက်ပေါင်း ၁၁၄ ချက် တင်သွင်းထားတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ဒီအစီရင်ခံစာပေါ် လွှတ်တော်မှာ ဆွေးနွေးခဲ့ရာမှာ ထောက်ခံဆွေးနွေးခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီရဲ့အဖွဲ့ဝင်လည်းဖြစ်သူ  ဦးအောင်ကြည်ညွှန့်က အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးလို့ ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ NLD ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အစီရင်ခံစာအပေါ် မူလက ဆွေးနွေးဖို့ ၇၈ ဦး စာရင်းပေးထားရာကနေ မဆွေးနွေးဖြစ်တော့ဘဲ တပ်မတော်ဘက်က ပြန်ရုပ်သိမ်းခဲ့တာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီကြောင်း တပ်မတော်ဘက်က သဘောထား မှတ်ချက်ပြုထားတာဖြစ်လို့ ဆွေးနွေးဖို့မလိုဘူးလို့ ပြန်လည်သုံးသပ်ပြီး ရုပ်သိမ်းလိုက်တာလို့ သိရပါတယ်။

SNLD ပါတီက လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်ကတော့ ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းတဲ့အချိန်မှာတော့ တပ်မတော်ဘက်က သဘောထားတစ်ခုခု တင်ပြလာမယ်လို့ ယူဆတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

လက်ရှိမှာ အစီရင်ခံစာအပေါ် ကိုယ်စားလှယ်တွေက ဆွေးနွေးပြီးဖြစ်လို့ ပူးပေါင်းကော်မတီက ပြန်ရှင်းလင်းမှာဖြစ်ပြီး အစီရင်ခံစာကို လွှတ်တော်က အတည်ပြုမပြု ဆုံးဖြတ်တာကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။ လွှတ်တော်က အတည်ပြုခဲ့ရင် အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဥပဒေမှုကြမ်းကို ရေးဆွဲဖို့ ဆောင်ရွက်ရာမှာလည်း ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ်၊ တရားစီရင်ရေးကဏ္ဍက ကိုယ်စားလှယ်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော် ဥက္ကဋ္ဌတွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေနဲ့ ထပ်မံဆွေးနွေးပြီး အဲဒီပေါ် အခြေခံပြီး ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းတစ်ရပ် ပြုစုမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် တိုင်းရင်းသားပါတီတွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်လိုတဲ့ အချက်ပေါင်း ၃၇၆၅ ချက်ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီထံကို အကြံပြုတင်ပြခဲ့တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို လွှတ်တော်က အတည်ပြုမပြု ဆုံးဖြတ်မယ့်နေ့ကိုတော့ ထပ်မံကြေညာပေးသွားမယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က မနေ့က ဆွေးနွေးမှုတွေ အပြီးမှာ ပြောကြားခဲ့ပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့