စဉ့်ကိုင်မှာ ကလေးငယ်တွေ သွေးလွန် တုပ်ကွေးဖြစ်ပွားမှု များပြား

2015-04-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ရှမ်းကန်ကျေးရွာမှာ သွေးလွန်တုပ်ကွေးရောဂါပြန့်နှံ့နေပြီး အသက် ၁၄ နှစ်အောက် ကလေးငယ် ၇ဝ ကို ကျောက်ဆည်နဲ့ စဉ်ကိုင်မြို့ဆေးရုံတွေမှာ တင်ထားရပါတယ်။

အခု ဧပြီလဆန်းကစတင်ပြီး ကလေးငယ်တွေ သွေးလွန်တုပ်ကွေးဖြစ်ပွားနေကြတာလို့ စဉ်ကိုင်ရွာသား ကိုခင်ဇော်လင်းက ပြောပါတယ်။

"ဖြစ်နေတာကတော့ စဉ့်ကိုင်မြို့နယ် ရှမ်းကန်စံပြကျေးရွာ တစ်ရွာတည်းကွက်ဖြစ်နေတာခင်ဗျ၊ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစဖြစ်နေတာ၊ သူတို့ကပြောတော့ ရေနဲ့လည်းပြောတယ်၊ အစားအသောက် နဲ့လည်း ပြောတယ်ခင်ဗျ၊ ကျနော်တို့ကတော့ ခါတိုင်းလည်း ဒီအတိုင်းပဲ၊ ဒီအခုမှ ကျနော်တို့ရွာလေး တစ်ရွာတည်း ကွက်ဖြစ်နေတာဆိုတော့ ဘယ်လိုမျိုးမှ စဉ်းစားလို့မရဘူးဖြစ်နေတယ်၊ တိုင်းရင်းဆေး မှူးတွေကလည်း ကျနော်တို့ရွာမှာ ဆေးတွေလည်းပေးတယ်၊ ခြင်ဆေးတွေလည်း ဖြန်းပေးတယ် ၊ ခြင်ထောင်စိမ်တဲ့ ဆေးပြားတွေနဲ့လည်း လာလုပ်ပေးတယ်၊ အခုရက်ပိုင်းအတွင်း လာလုပ်ပေးပြီး သွားပြီ"

ပြီးခဲ့တဲ့ သတင်းပတ် နှစ်ပတ်လောက်က သွေးလွန်တုပ်ကွေးရောဂါနဲ့ ၇ နှစ်အရွယ်ကလေး တစ်ယောက်သေဆုံး ခဲ့ပါတယ်။

စဉ့်ကိုင်မြို့နယ်မှာ ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကတစ်ဆင့်ကူးစက်တာဖြစ်ပြီး ကလေးငယ်တွေ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများတဲ့အတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ပိုးသတ်ဆေး ဖြန်း တာတွေ၊ ခြင်ထောင်စိမ်ဆေးရည်တွေ လာရောက်ဖြန့်ဝေတာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ရှမ်းကန်ကျေးရွာ က အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစန်းလှမျိုးက ပြောပါတယ်။

ဒေါက်တာစန်းလှမျိုးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့