ကျောက်တန်းကျေးရွာမှာ ထိန်းသိမ်းစစ်ဆေးနေသူတွေကို တပ်မတော်ကပစ်လို့ ခြောက်ဦးသေဆုံး

2019-05-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၂ ရက်နေ့က ပို့ဆောင်စဉ်
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၂ ရက်နေ့က ပို့ဆောင်စဉ်
Photo: Aung Kyaw Htwee

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေတဲ့ ကျေးရွာသားတွေကို ဒီနေ့မနက် ၂ နာရီလောက်မှာ တပ်မတော်က ပစ်ခတ်လို့ ကျေးရွာသား ၆ ဦးသေဆုံးပြီး နောက်ထပ် ၈ ဦးလောက် ဒဏ်ရာရရှိကာ ၄ဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တယ် ဆိုတာ မှန်ကန်ကြောင်း၊ စာသင်ကျောင်းမှာ ထိန်းသိမ်းစစ်ဆေးခံနေရတဲ့လူတွေက အုပ်စုလိုက် ညာသံပေးပြီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းလာတဲ့အတွက် ပထမဆုံး လူစုခွဲဖို့ပြောဆိုတာ၊ သေနတ်ကို မိုးပေါ်ထောင်ပစ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း၊ နောက်ဆုံးအချိန်မှာ မတတ်သာ လို့ ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။ ဒေသခံအမျိုးသမီးတစ်ဦးက ကျေးရွာ ၇ ဦး သေဆုံးတယ်လို့ဆိုပေမယ့် ဒီအပေါ်မှာ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

AA အဖွဲ့နဲ့ဆက်နွယ်ပြီး ကျောက်တန်းကျေးရွာသားတွေကို တပ်မတော်က ရွာလယ်မှာရှိတဲ့ စာသင်ကျောင်းမှာ ဧပြီလ ၃၀ ရက်နေ့ကတည်းက ထိန်းသိမ်းစစ်ဆေးနေတာဖြစ်ပါတယ်။ ဧပြီ ၂၈ရက်နေ့က AA အဖွဲ့ရဲ့ ယာယီလေ့ကျင့်ရေးစခန်းတခုကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဲဒီစခန်း ကနေ ထွက်ပြေးသွားသူတွေဟာ ကျောက်တန်းကျေးရွာထဲ ဝင်ရောက်သွားကြောင်း၊ ကျောက်တန်းကျေးရွာမှာရှိတဲ့ အိမ်ထောင်စု ၄၇၇ စုကို အိမ်ထောင်စုစာရင်းတွေနဲ့ကိုက်ညီမှု ရှိ၊ မရှိစစ်ဆေး ခဲ့ရာမှာ အသက် ၁၅ နှစ်ကနေ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကိုတွေ့ရှိရတဲ့အတွက် လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက မနေ့ကထုတ်ပြန်ထားတာပါ။

AA ရက္ခိုင့်တပ်မတော်ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ သူတို့ရဲ့လေ့ကျင့်ရေးစခန်းကို တပ်မတော်က သိမ်းပိုက်တယ် ဆိုတာ မဟုတ်မှန်သလို AA အဖွဲ့ဝင်တွေဟာ ကျောက်တန်းကျေးရွာထဲကို ဝင်ရောက်ခိုလှုံတာမရှိကြောင်းလည်း တုန့်ပြန်ပြောဆိုပါတယ်။

ဒီနေ့မနက်ကဖြစ်စဉ်အတွင်း သေဆုံးဒဏ်ရာရတဲ့လူတွေနဲ့ ပတ်သက်လို့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင် အပါအဝင် မြို့ပေါ်က နာရေးကူညီမှုအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဝန်ထမ်းတွေက ဒီနေ့မနက်က ကျောက်တန်းကျေးရွာကို သွားရောက်ခဲ့ကြရာမှာ ရွာထိပ်မှာ လုံခြုံရေး ယူထားတဲ့ တပ်မတော်သားတွေက တားမြစ်ထားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင် က ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ လုံခြုံရေးဆောင်ရွက်နေဆဲမို့ တားမြစ်ထားတာဖြစ်နိုင်ကြောင်း လိုအပ်တဲ့စစ်ဆေးဆောင်ရွက်မှုတွေ ဆောင်ရွက်ပြီးချိန်မှာ ခွင့်ပြုမှာဖြစ်ကြောင်း ပြောပါတယ်။

ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး နှစ်ဘက်အပြန်အလှန်ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်က ထိန်းသိမ်း စစ်ဆေးနေသူတွေထဲမှာ စိတ်ပုံမှန်မဟုတ်တဲ့ ဦးသန်းဦး ဆိုသူပါဝင်ပြီး သူက ကယောင်ကတမ်း ထအော်တဲ့အတွက် စတင်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပစ်ခတ်ခံရတဲ့လူနာတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင် ကပြောပါတယ်။

ဒဏ်ရာရတဲ့လူနာတွေနဲ့ ပတ်သက်လို့ တပ်မတော်ဆေးတပ်ဖွဲ့ဝင်တွေက ကုသမှုတွေ လုပ်ဆောင်ထားတယ် လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

ဒီနေ့မနက်က တပ်မတော်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အုပ်စုလိုက် ညာသံပေးပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ တပ်မတော်ဘက်ကပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့