တိုက်ပွဲပြင်းထန်လာမှာကို ရှမ်းမြောက်က ဒေသခံတွေ စိုးရိမ်နေ

2019-08-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့အပြီး ၂ဝ၁၉ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့အပြီး ၂ဝ၁၉ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: Ko Sai

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း TNLA၊ AA ၊MNDAA ပူးပေါင်းအဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေရာမှာ လမ်းတံတားတွေ မိုင်းခွဲခံရတာ၊ နေအိမ်တွေပေါ် လက်နက်ကြီးကျတာ၊ ဓာတ်ဆီဆိုင် မီးရှို့ခံရတာနဲ့ လမ်းတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာတွေရှိနေပြီး တိုက်ပွဲတွေ ဒီထက်ပိုပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက နမ့်ဖက်ကာနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဒီနေ့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မူဆယ်၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နမ့်ခမ်း မြို့နယ်တွေကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တာတွေ ဆောင်ရွက်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှု တွေဖြစ်နေကြပါတယ်။

ကျောက်မဲမြို့မှာဆိုရင် မြို့ကိုတိုက်ခိုက်မယ်ဆိုတဲ့ ကာလာဟလတွေ ထွက်လာတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ ကျောက်မဲမြို့ခံ ဦးတင်မောင်သိန်းက ပြောပါတယ်။

"လေနဲ့ပစ်တ ဲ့ဗုံးကြောင့်ကွဲတယ်။ လူတွေ အထိတ်တလန့်ဖြစ်ကြတယ်။ လားရှိုးကို သုံးနာရီဝင်စီးမယ်။ သီပေါ တံတားကြီး သုံးနာရီမိုင်းခွဲမယ်။ ကျောက်မဲကို သုံးနာရီ ဝင်ပစ်မယ်ဆိုပြီး လိုင်းပေါ်မှာ ဖွတာဗျ။ လူတွေက ကြောက်လန့်ပြီး ဈေးရောင်းနေတဲ့လူတွေက ဆိုင်ပိတ်တယ်။ အဲဒီလိုနဲ့ပဲ တစ်မြို့လုံးဟာ ခြောက်ခြားသွားတာပဲ"

ဒီနေ့မနက် ၉ နာရီခွဲလောက်မှာတော့ ကွတ်ခိုင်မြို့နယ်၊ နမ်ကွပ်ကျေးရွာမှာ တပ်မတော်ရဲ့ စခန်းချရာနေရာကို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စုပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ကွတ်ခိုင်မြို့နယ် ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားရာလမ်းနဲ့ လားရှိုးဘက်သွားရာ လမ်းတွေကို ပိတ်ထားတာတွေရှိနေကြောင်းလည်း ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း တာဝန်ခံက RFA ကို ပြောပါတယ်။

"သွားရေးလာရေးက အကုန်လုံးကြောက်နေတာ။ အခုလောလောဆယ်တောင် ကားတွေပိတ်ထားတာ အသွားအလာမရှိဘူး။ သူတို့အဖွဲ့တွေက ကွတ်ခိုင်အထွက်မှာ နေရာတွေယူထားကြတာလေ။ မူဆယ်ဘက် အထွက်ရော လားရှိုးဘက်အထွက်ကော။ လမ်းလယ်ခေါင်မှာကို"

ကွတ်ခိုင်မြို့နယ်အတွင်းက နမ်ခုံ၊ နမ်ကွပ်နဲ့ လွယ်ရွဲတောင်ခြေတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီနေရာတွေက ဒေသခံတွေဟာ ကွတ်ခိုင်မြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြတာ အခုဆိုရင် စစ်ရှောင် ၃၀၀ ခန့် မြို့ပေါ်ကို ရောက်လာနေပြီလို့ သိရပါတယ်။

ဒါ့အပြင် နမ့်ဖက်ကာမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက အစိုးရတပ်မတော်က သူတို့စခန်းချရာ တောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်နေတဲ့အသံတွေကြားနေရပြီး သေနတ်သံတွေကြောင့် စိုးရိမ်ကြောက်ရွံနေရကြောင်း အမည်မဖော်လိုတဲ့ နမ့်ဖက်ကာ ပြည်ထောင်စုလမ်းမကြီးဘေးမှာ နေထိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ခုမနက်ချိန်တစ်လုံး စောစောက နှစ်လုံး၊ ခုဟာ သုံးလုံးလောက်ရှိပြီပေါ့။ ဒေသခံတွေကတော့ ကြောက်တာပေါ့။ သေနတ်သံကြား၊ လက်နက်ကြီးသံကြားရင် စိုးရိမ်တာပေါ့။ ဦးတို့ အခုနေတာ ပြည်ထောင်စု လမ်းမကြီးဘေး မှာလေ။ လမ်းမှာလည်း ခဏခဏ သေနတ်သံတွေကြားနေရတယ်။ လုံခြုံရေးအရ ကွတ်ခိုင်က တားထားတာတို့ နမ့်ဖက်ကာက တားထားတာတို့ဆိုတော့ ကားတွေလည်း အသွားအလာတွေလည်း နည်းတယ်။ မရှိတော့ဘူး။ အစိုးရဘက်က တားတာပေါ့"

မူဆယ်ကနေ နမ့်ဖက်ကာမြို့နယ်ကိုထွက်တဲ့ ခိုမုံးရွာအထွက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခရီးသည်တင်ယာဉ်အပါအဝင် ကားအသွားအလာအားလုံးကို ပိတ်ထားတယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

မနေ့က မူဆယ်မြို့ကနေ နမ့်ဖက်ကာကို သေဆုံးလူနာသွားရောက်ပို့ရာမှာ ခိုမုံးရွာမှာ တားမြစ်ခံရတာကြောင့် နောက်ပြန်လှည့်ခဲ့ရကြောင်း ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်း ကပြောပါတယ်။

"မနေ့က ကျနော်တို့ မူဆယ်ဆေးရုံက သေဆုံးတဲ့ ကချင်အဖွား နမ့်ဖက်ကာ KBC ဒုက္ခသည်စခန်းကို အဖွားကို ပြန်ပို့တာပေါ့နော်။ နမ့်ဖက်ကာမရောက်ခင် ခိုမုံးရွာအကျော်မှာ လမ်းတွေပိတ်ဆို့ထားတဲ့အတွက် ကျနော်တို့ ပို့ဆောင်လို့မရခဲ့တဲ့အတွက် ကျန်တဲ့အရာတွေလည်း ဘယ်လိုမှ အဆင်မပြေတဲ့အတွက် ပြန်လှည့်ခဲ့ရတာပေါ့"

အစိုးရတပ်မတော်ဘက်ကလည်း ကွတ်ခိုင်၊ နမ့်ဖက်ကာ၊မူဆယ်မြို့နယ် တလျှောက်လမ်းကြောင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံတွေကို  ဖြတ်သန်းသွားလာခွင့်မပေးဘဲ တားမြစ်တာတွေရှိနေတယ်လို့ ပြောကြပါတယ်။

လက်ရှိတိုက်ပွဲကာလအတွင်း မူဆယ်မြို့နဲ့ထိစပ်နေတဲ့ တရုတ်နယ်စပ်တလျှောက်က တရုတ်နိုင်ငံဘက်ခြမ်းမှာ စစ်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်တာတွေရှိနေတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

မူဆယ်မြို့ခံ ဦးအောင်လှိုင်ဝင်းက ပြောပြရာမှာ ဒီရက်ပိုင်းအတွင်း ပွဲတော်ရက်မဟုတ်ဘဲ တရုတ်နိုင်ငံဘက်က ဗျောက်အိုးတွေ ဖောက်တာတွေရှိနေတဲ့အတွက် တိုက်ပွဲအသံနဲ့ရောပြီး ဒေသခံတွေ ပိုစိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

"တရုတ်ဘက်ကတော့ ကျနော်တို့ ဒီဘက်က ဖြစ်ပြီဆိုရင် ဗျောက်တွေတော်တော်များများ ဖောက်သလိုပဲ။ အခုလို ပွဲတော်မဟုတ်ရင် သူတို့ဖောက်တာကျတော့ ကျနော်တို့အနေနဲ့ နှစ်နိုင်ငံအပေါ်မှာ လေးစားမှုမရှိဘူး။ ညှာတာမှု မရှိဘူးလို့ ကျနော်ကတော့ နည်းနည်းလေးတွေးမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဗျောက်ဖောက်လိုက် လို့ရှိရင် ဗျောက်အသံက သေနတ်သံနဲ့ မခြားလို့ရှိရင် ထရမှာလား ထိုင်ရမှာလား။ ဘယ်အချိန်များ မူဆယ်လာ တိုက်မလဲ။ လာတိုက်မယ်ဆိုတဲ့ သတင်းတွေက ရှိနေတဲ့အခါကျတော့ ဒီအပေါ်မှာတော့ နည်းနည်းလေး လန့်တာလေးတွေရှိတယ်"

တိုက်ပွဲတွေပြင်းနေတဲ့ နမ့်ဖက်ကာမြို့နယ်အတွင်း ဒေသခံတွေအနေနဲ့ လယ်ယာစိုက်ခင်းတွေကို မသွားရဲတာတွေ ရှိနေသလို ကွတ်ခိုင်၊ ကျောက်မဲနဲ့ မူဆယ်မြို့နယ်တွေမှာလည်း လမ်းမတွေထက်မှာ လူတွေအသွား အလာကျဲပြီး ဈေးတွေ၊ ဆိုင်ခန်းတွေ၊ ကျောင်းတွေ ပိတ်ထားတာတွေရှိနေတယ်လို့ ပြောကြပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့