လက်နက်ကိုင်အဖွဲ့တွေကို တရုတ် ထိန်းချုပ်ရင် ငြိမ်းချမ်းရေးမှာ အထောက်အကူဖြစ်မယ်လို့ ဒုဝန်ကြီးပြော

2019-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ကို ၂၀၁၉၊ သြဂုတ် ၂၁ ရက်နေ့က တွေ့ရစဉ်
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ကို ၂၀၁၉၊ သြဂုတ် ၂၁ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ဝင်းကိုကိုလတ်/ RFA

နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက သြဇာလွှမ်းမိုးနိုင်တယ်လို့ ယူဆတဲ့အတွက် တရုတ်ကသာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူပြုမှာ ဖြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောလိုက်ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ခဲ့တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကို နယ်စပ်ကုန်သွယ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ တရုတ်ရဲ့ အရေးပါမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် နည်းပညာစစ်တက္ကသိုလ်နဲ့ နောင်ချိုမြို့တို့မှာ TNLA တအာင်းပလောင်၊ MNDAA ကိုးကန့်နဲ့ AA အဖွဲ့တို့ ရဲ့ တိုက်ခိုက်မှုအပြီး တံတားတွေ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

အဲဒီလို တံတားတွေ မိုင်းခွဲခံရတဲ့အထဲမှာ မန္တလေး- မူဆယ် ကားလမ်းပေါ်က ဂုတ်တွင်းတံတားလည်း ပါဝင်ခဲ့ပြီး ခရီးသည်ယာဉ် ကားတွေအပါအဝင် ကုန်စည်သယ်ပို့တဲ့ ကားကြီးတွေပါ အသွားအလာ ရပ်တန့်ခဲ့ရပါတယ်။

တရုတ်နိုင်ငံကလည်း အဲဒီတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသက တည်ငြိမ်အေးချမ်းရေးကို ထိခိုက်တဲ့အတွက် ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

တံတားတွေကို ပြန်လည်တည်ဆောက်နေတဲ့ အချိန်အတွင်း ကုန်စည် စီးဆင်းမှု ရပ်တန့်သွားတဲ့အတွက် ဘယ်အတိုင်းအတာ ပမာဏအထိ ဆုံးရှုံးနစ်နာခဲ့ရတယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ သိရပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ဂုတ်တွင်းတံတားကို မနေ့က ယာယီဘေလီတံထားနဲ့ အစားထိုး ပြန်လည်တည်ဆောက်ပြီးဖြစ်တဲ့အတွက် တန်ချိန်ကန့်သတ်ထားတဲ့ ကုန်တင်ယာဉ်တွေတော့ စတင် သွားလာနိုင်ပြီဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်လင်းက မိုင်းခွဲဖျက်ဆီးခံရတဲ့ တံတားတွေကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေလို့ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်လာတော့မယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဘေလီ ဂုတ်တွင်း တံတားအနီးမှာ တံတားသစ်တစ်စင်း ထပ်မံတည်ဆောက်သွားမယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံက သွင်းကုန်တွေဟာ မြန်မာအတွက် မရှိဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းအမျိုးအစားတွေ မဟုတ်တဲ့ အတွက် ကုန်ဈေးနှုန်း ထိခိုက်မှာကို စိုးရိမ်တာမရှိဘဲ ပို့ကုန်နဲ့ ပတ်သက်ရင်တော့ စိုးရိမ်စိတ်ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူး ကပြောပါတယ်။

ဒုတိယ ဝန်ကြီး ဦးအောင်ထူးက အခုလတ်တလောမှာ ကုန်ပစ္စည်း သယ်ပို့တဲ့ ယာဉ်တွေ အသွားအလာ ရပ်တန့်ထားရပေမယ့် တံတားပြင်ပြီးတာနဲ့ ကုန်သွယ်ရေး ပြန်စနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ချင်းရွှေဟော်ဘက်မှာတော့ တံတား တစ်စီးက ပြန်လည်မပြုပြင်နိုင်သေးတဲ့အတွက် သွားရေး၊ လာရေး အခက်အခဲရှိနိုင်တယ်လို့ သိရပါတယ်။

အလားတူ နောင်ချိုမြို့ အထက်ဘက်မှာ တံတား ငါးစင်း မိုင်းခွဲခံခဲ့ရပြီး တခြားဒေသတွေမှာလည်း တံတားမိုင်းခွဲဖျက်ဆီးခံရတာတွေရှိပါတယ်။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုသီဟထွန်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့