AA ဖမ်းထားတဲ့ ပလက်ဝဒေသခံ ၁ဝ ဦး မလွတ်သေး

2019-08-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပလက်ဝမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
ပလက်ဝမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီဝန်ထမ်း ကိုးဦးကို ပြန်လွှတ်ပေးလိုက်ပေမယ့် AA အဖွဲ့ကဖမ်းဆီးထားတဲ့ ပလက်ဝဒေသခံ ၁၀ ဦးခန့် ရှိနေသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က RFA ကို ပြောပါတယ်။

ချင်းလူ့အခွင့်ရေးအဖွဲ့ကလည်း ပလက်ဝမြို့နယ် ဘောင်းဝကျေးရွာသား လေးဦးအပါအဝင် အရပ်သား ကိုးဦး ပျောက်ဆုံးနေပြီး ဒီနေ့ထိ သတင်းအစအနမရဘဲဖြစ်နေတယ်လို့ ပြောပါတယ်။

ချင်းလူ့အခွင့်ရေးအဖွဲ့က ဆလိုင်းတေရကလည်း ဆုထူးစံ ကုမ္ပဏီဝန်ထမ်းတွေ ပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုပြီး နောက်ထပ် ဖမ်းဆီးထားသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ပလက်ဝမြို့နယ်ထဲ မြန်မာ-အိန္ဒိယလမ်းပိုင်းလုပ်နေတဲ့ ဆုထူးစံ ကုမ္ပဏီနဲ့ နန်းမှန်သစ္စာကုမ္ပဏီက ဝန်ထမ်း စုစုပေါင်း ကိုးဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အဲဒီဝန်ထမ်းတွေဟာ ထောက်လှမ်းရေးဟောင်းတွေလို့ သံသယဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ AA အဖွဲ့က ပြောဆိုထားပြီး ကိုးဦးလုံးကို သြဂုတ်လ ၁၆ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ပြန်လည်လွတ်လာသူ ကိုးဦးကို ဒီနေ့မနက်ပိုင်းမှာ ဌာနဆိုင်ရာတွေက အချက်အလက်ကောက်ယူတာတွေရှိခဲ့ပြီး အရပ်ဖက်အဖွဲ့တွေက အလှူငွေပေးတာတွေ ရှိခဲ့ပါတယ်။

ပလက်ဝဒေသခံ ၁၀ ဦးခန့်ကို AA အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့