ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအကျော်မှာ ကား ခုနှစ်စီး မီးရှို့ခံရ

2019-09-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအကျော်မှာ မီးရှို့ထားတဲ့ကားတွေကို ၂၀၁၉ စက်တင်ဘာ ၄ ရက်နေ့ ကတွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအကျော်မှာ မီးရှို့ထားတဲ့ကားတွေကို ၂၀၁၉ စက်တင်ဘာ ၄ ရက်နေ့ ကတွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာအကျော် ကျေးလက်ကျန်းမာရေး ဆေးခန်းရှေ့မှာ မနေ့ညနေ ခြောက်နာရီကျော်လောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက မော်တော်ယာဉ်တချို့ကို တားမြစ်ပြီး မီးရှို့ခဲ့ပါတယ်။

လျှာထိုးဦးထုပ်ဆောင်းထားပြီး သေနတ်ကိုင်ထားတဲ့ လူအယောက်နှစ်ဆယ်လောက်က ကားတွေကို လမ်းပေါ်မှာ ကန့်လန့်ခံရပ်ခိုင်းပြီး ဖုန်းနဲ့ငွေတွေကို တောင်းယူသွားသလို ကားတွေကို ဓာတ်ဆီလောင်း မီးရှို့ခဲ့တာလို့ ယာဉ်မောင်းသူတွေက ပြောပါတယ်။ မီးရှို့ဖျက်ဆီးသူတွေဟာ ဘယ်လက်နက်ကိုင်အဖွဲ့က ဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။

ကားမီးရှို့ခံရတာနဲ့ ကြုံရတဲ့ ယာဉ်မောင်းသူတွေကတော့ နမ့်ကွပ်ရွာမှာ ညအိပ် ခိုလှုံခဲ့ကြပြီး ကွတ်ခိုင်က ပရဟိတ အဖွဲ့တွေက သူတို့ကို မနက်ပိုင်းမှာ သွားရောက်ခေါ်ဆောင်ခဲ့ကြတာပါ။

မီးရှို့ခံရတဲ့ကားတွေဟာ မူဆယ်ကနေ အထည်အလိပ်တွေတင်လာတဲ့ကားတွေ ဖြစ်ပါတယ်။

ကားတွေကို တန်းစီခိုင်းပြီး မီးရှို့တဲ့အချိန် ကားဆယ်စီးကျော်လောက်အထိရှိပြီး အဲဒီထဲက ကား သုံးလေးစီးလောက်ကတော့ မီးလောင်နေချိန်မှာ မောင်းပြေးလို့ လွတ်မြောက်လာကြတယ်လို့ ကားမောင်းသူတွေက ပြောပါတယ်။

တိုက်ပွဲဒေသမှာ ပေါ်ပေါက်ခဲ့တဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ မဟာမိတ်အဖွဲ့ဝင်တွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့