၂၀၁၉ ခုနှစ်အတွင်း ရှမ်းမြောက်ဒေသ ထူးခြားဖြစ်စဉ်များ

ကံသာ
2020-01-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

၂၀၁၉ ခုနှစ်အတွင်း ရှမ်းမြောက်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်ခဲ့ပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာ အဖမ်းခံရတာ အိုးအိမ်တွေ ပျက်စီးမှုတွေပိုများခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ရှမ်းမြောက်ဒေသရဲ့ ထူးခြားဖြစ်စဉ်ကို RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မတ်လအတွင်း ထူးခြားသတင်းတစ်ခုကတော့ UWSA ဝအထူးဒေသ မိုင်းမောမြို့မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် ၁၆ ယောက် သေဆုံးခဲ့တဲ့ သတင်းပါ။ ဂက်စ်အိုးတွေ ပေါက်ကွဲတာလို့တော့ ဝတပ်ဖွဲ့က ပြောပါတယ်။ တစ်လအကြာမှာတော့ ပန်ဆန်းမြို့မှာ ဝအထူးဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲ ပြုလုပ်ပြီး ဝတပ်ဖွဲ့က အဲဒီအခမ်းအနားမှာ သူ့ရဲ့ စစ်လက်နက်အင်အား ပြသခဲ့ပါတယ်။

ဝပြည်သူတွေရဲ့ နိုင်ငံရေး အာမခံချက်အတွက် စစ်အင်အား တည်ဆောက်ရတာဖြစ်ကြောင်း UWSA ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးကျောက်ကော်အန်းက ပြောပါတယ်။

မိုင်းလား ဒေသကလည်း  ဇွန်လအတွင်းမှာ အလားတူ နှစ် ၃၀ ပြည့် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဝအထူဒေသ အခမ်းအနားလို စစ်လက်နက်ပစ္စည်းတွေ၊  စစ်ရေးပြမှုတွေ ထည့်သွင်းမထားဘဲ  ယဉ်ကျေးမှု အကတွေကိုသာ ဦးစားပေးထားတာ တွေ့ရပါတယ်။

ရှမ်းမြောက်ဒေသမှာ ရှမ်းတိုင်းရင်းသားတွေ စိတ်ထိခိုက်ခဲ့ရတဲ့ ဖြစ်ရပ်ကတော့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခု မကြာခဏ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေ နှစ်ဆန်းပိုင်းမှာ သီပေါ၊ နမ့်လန်လမ်းပိုင်း၊ နမ္မတူ-သီပေါ လမ်းပိုင်းတစ်လျှောက် တိုက်ပွဲဖြစ်ရာမှာ ကျေးလက်ဒေသ ပြည်သူအများအပြား နေရပ်စွန့် ထွက်ပြေးကြရပါတယ်။  

တိုက်ပွဲတစ်ခုမှာတော့  မန်လီရွာသား အများအပြား ပျောက်ဆုံးခဲ့ရာမှာ ရှစ်ဦးကို RCSS က ပြန်လွှတ်ပေးပါတယ်။ ပျောက်ဆုံးသွားတဲ့ ရွာသား ‌လေးယောက် နေရပ်ပြန်လာဖို့ မိသားစုက မျှော်လင့်နေကြဆဲဖြစ်ပါတယ်။ RCSS ကတော့ ဒီ ‌လေးဦးကို ဖမ်းမထားဘူးလို့ ဆိုပါတယ်။

ရှမ်းသံဃာ၊ လူထု၊ နိုင်ငံရေးပါတီတို့က နှစ်ဘက် ဆွေးနွေးဖို့ တိုက်တွန်းကြပါတယ်။ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောကြားပြီးနောက်မှာ တိုက်ပွဲတွေ လျော့နည်းသွားတာ တွေ့ရပါတယ်။

ဒေသတွင်း တိုက်ပွဲတချို့မှာ SSPP နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာကတော့ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ဖြစ်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာ ပြင်ဦးလွင် တပ်မတော် သင်တန်းကျောင်းတစ်ခုကို မြောက်ပိုင်းညီနောင်သုံးဖွဲ့လို့ခေါ်တဲ့ TNLA, MDAA, AA အဖွဲ့တို့က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပါတယ်။ အဲဒီနေ့မှာပဲ ရှမ်းမြောက်ဒေသမှာ နေရာငါးခု တစ်ပြိုင်တည်း တိုက်ခိုက်ခံရပြီး အရပ်သား၊ ရဲနဲ့ တပ်မတော်သား  စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။

သိန်းနီ ကွမ်လုံလမ်းပိုင်း တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီး မော်တော်ယာဉ်တချို့လည်း မီးရှို့ခံရပါတယ်။ ဒါကြောင့်  ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းတချို့ ရက်အတန်ကြာ အသွားအလာ ရပ်ခဲ့ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေ ကျိုင်းတုံမှာ ဆွေးနွေးခဲ့ကြပေမယ့် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံမယ်ဆိုတဲ့ ရလဒ်သာ ရခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲအပြီးမှာပဲ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ပြီး မော်ဟန်ကျေးရွာထဲ လက်နက်ကြီးကျည်ကျလို့ လသားအရွယ် ကလေး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ မိသားစုဝင် ငါးဦး ဆုံးရှုံးခဲ့ရသူက ဦးဇော်ဘောက် ဖြစ်ပါတယ်။

စက်တင်ဘာမှာ မူဆယ်-ကွတ်ခိုင် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လကုန်ပိုင်းမှာ မော်တော်ယာဉ် ခုနှစ်စီး အထိ မီးရှို့ခံခဲ့ရပြန်ပါတယ်။  

တိုက်ပွဲတွေအတွင်းမှာ ပရဟိတအဖွဲ့တချို့က ဒဏ်ရာရ အရပ်သားတွေကို ဆေးရုံ  ပို့ဆောင်ပေးနိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ရိက္ခာ ပြတ်တောက်နေတဲ့ ရွာတွေကိုလည်း ကူညီခဲ့ပါတယ်။

စက်တင်ဘာ ၁၇ မှာတော့ အစိုးရနဲ့ မြောက်ပိုင်းအဖွဲ့တွေ ကျိုင်းတုံမှာ အကြိတ်အနယ် ဆွေးနွေးခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ ကျောက်မဲ၊ လားရှိုးမြို့နယ်တွေမှာ ပစ်ခတ်လုပ်ကြံမှု အနည်းဆုံး ငါးကြိမ် ရှိခဲ့ပြီး လားရှိုးမြို့က ခေးနင်း ဆရာတော် အပါအဝင် အရပ်သား ငါးဦးအထိ သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုတိုင်းဟာ လက်နက်ကိုင်အဖွဲ့ တစ်ခုခုနဲ့ ပတ်သက်နေနိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပါတယ်။

အရပ်သားတွေဟာ တိုက်ပွဲဖြစ်နေချိန်မှာသာ ထိခိုက်၊ သေဆုံးရတာ မဟုတ်ပါဘူး။ စစ်ရေးမှာ သုံးကြတဲ့ မိုင်းမျိုးစုံကလည်း အရပ်သားတွေအတွက် အင်မတန် ကြီးမားတဲ့အန္တရာယ်တွေပါပဲ။  
အောက်တိုဘာလ ၁၄ရက်မှာ ကျောက်မဲမြို့နယ် လွယ်ပျက်ရွာအနီး သံဃာသုံးပါး မိုင်းထိခဲ့ပါတယ်။

ဧပြီလ ၂၇ ရက်မှာတော့ နမ့်ခမ်းမြို့နယ် မန်ပန်ရွာမှာ မိုင်းပေါက်ကွဲလို့ ကလေး နှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒေသတွင်းမှာ ၂၀၁၉ သြဂုတ်လကနေ ဒီဇင်ဘာ ၁၄ အထိ မိုင်းကြောင့်  ခုနှစ်ဦး သေ၊ ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းပြည်နယ် လူသားချင်းဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ စာရင်းတွေအရ သိရပါတယ်။  

နိုဝင်ဘာ လကုန်ပိုင်း သီပေါမြို့မှာ မိုင်းထိသူက ဂျာမဏီနိုင်ငံသား တစ်ဦးပါ။ သူ့နာရေးကို ဂျာမန်သံအမတ် ကိုယ်တိုင် လိုက်ပါ ပို့ဆောင်ပေးခဲ့ပါတယ်။

နိုဝင်ဘာလထဲမှာ လားရှိုးမြို့တွင်း နေရာတချို့ ပစ်ခတ်ခံရပါတယ်။ ပြင်ဦးလွင် တပ်မတော် သင်တန်းကျောင်းကို တိုက်ခိုက်ရာမှာ သုံးတဲ့ ရှော့တိုက်ဒုံးလက်နက်မျိုးနဲ့ ပစ်ခတ်တာ ဖြစ်ပြီး ဒါဟာ TNLA လက်ချက်လို့ တပ်မတော်က စွပ်စွဲပေမယ့် TNLA ဘက်ကတော့ ငြင်းပါတယ်။ ပစ်ခတ်မှုကြောင့် ကြီးမားတဲ့ ထိခိုက်မှု မရှိပေမယ့် တပ်မတော်က ရပ်ကွက်တွေ၊ လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေး တိုးမြင့်ချထားလိုက်တာ ဒီနေ့အထိပါပဲ။

နိုဝင်ဘာ လကုန်ပိုင်းမှာ တပ်မတော်က နမ့်ဆန်မြို့ပြင်က TNLA လက်နက်တိုက်တစ်ခုကို စီးနင်းသိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းမှာ တိုက်ပွဲတွေ လျော့ကျသွားပါတယ်။  ဒီဇင်ဘာလလယ်ပိုင်း နမ္မတူ-လားရှိုးလမ်းပိုင်း လွယ်တောက်ရွာ အနီးမှာ တပ်မတော် နဲ့ TNLA တိုက်ပွဲကြောင့် ဒေသခံ ငါးရာလောက် နေရပ် စွန့်ခွာခဲ့ရပါတယ်။ နယ်မြေ အေးချမ်းလို့ ရွာသားတွေ နေရပ်ပြန်ပြီး မကြာခင် အဲဒီဒေသမှာ တိုက်ပွဲ ထပ်ဖြစ်တာကြောင့် ယာဉ်မောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့အချိန်ထိလည်း အဲဒီဒေသတွေမှာ စစ်ရေး အရှိန်တက်နေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၀၉ခုနှစ် ရှမ်းမြောက်ဒေသ အခြေအနေကို ခြုံငုံကြည့်ရင် တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်မှု အများအပြား ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့